နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2010 - 15:48 GMT

အိန္ဒိယက မြန်မာကို စစ်ဖက်သုံးနိုင်တဲ့ ယာဉ်တွေလှူ

ဒီဇင်ဘာ ၅ ရက်နေ့မှာ အိန္ဒိယအစိုးရက မြန်မာ စစ်အစိုးရကို ရှေ့တန်း စစ်မျက်နှာမှာ သုံးနိုင်တဲ့ လမ်းဖေါက်တဲ့ မြေထိုးစက်နဲ့ ကရိန်းကားတွေ ပေးအပ်ပွဲကို အိန္ဒိယ မြန်မာ နယ်စပ် မိုရေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

India gives vehicles to Burma (photo:indoburmanews.net)

မေ ၂၀၁၀ တုန်းကလည်း မြေတူးစက်တွေ မြန်မာ စစ်တပ်ကို ပေးခဲ့ဖူး (photo:indoburmanews.net)

အခမ်းအနားပတ်၀န်းကျင်မှာ တာ၀န်ရှိသူတွေကလွဲလို့ မ၀င်ရအောင် လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ချထားတဲ့အတွက် ဒေသခံတွေဟာ အဝေးကနေပဲ ကြည့်ရပါတယ်။

အိန္ဒိဘက်မှာသုံးတဲ့ ယာဉ်တွေက များသောအားဖြင့် အဝါရောင်တွေ ဖြစ်ပေမယ့် မြန်မာအစိုးရကို ပေးတဲ့ စက်ယန္တရား တွေကိုတော့ စစ်ရောင် ဆေးခြယ်ထားတယ်လို့ ဒီအခမ်းအနားကို သွားရောက် ကြည့်ရှုခဲ့တဲ့ ဒေသခံမြန်မာတဦးက ဘီဘီစီကို ပြောပြပါတယ်။

ဒီပစ္စည်းပေးအပ်ပွဲ မစခင် ၃ရက် အလိုကတည်းက မြန်မာဘက်က အင်ဂျင်နီယာတွေကို အိန္ဒိယ ပညာရှင်တွေက အသုံးပြုနည်းတွေ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ဒီပစ္စည်းတွေကို အိန္ဒိယ အာသံရိုင်ဖယ်တပ်ရဲ့ အကြီးအကဲတဦးက ပေးအပ်ခဲ့ပြီး မြန်မာဘက်က အနောက်မြောက်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလွင်က လက်ခံခဲ့ပါတယ်။ အခုလိုရှေ့တန်းသုံး လမ်းဖေါက်စက်တွေကို ၂၀၀၉ မေလကလည်း တကြိမ် ပေးခဲ့ ပါသေးတယ်။

စစ်ရေးဆိုင်ရာနဲ့ ပတ်သက်လို့ အိန္ဒိယ အစိုးရဘက်က ရေကြောင်းဆိုင်ရာ ကင်းလှည့် လေယာဉ်၊ ၁ဝ၅ မမ လေယာဉ်ပစ် သေနတ်တွေ၊ ရေတပ်သုံး စစ်ရေယာဉ်တွေ၊ မော်တာတွေ၊ လောင်ချာသေနတ်နဲ့ ရိုင်ဖယ်သေနတ်တွေ စတဲ့ စစ်သုံးပစ္စည်းတွေ မြန်မာစစ်တပ်ကို ထောက်ပံ့ပေးခဲ့ဖူးပါတယ်။

အပြန်အလှန်အဖြစ် အိန္ဒိယပြည် အရှေ့မြောက်ပိုင်း မြန်မာနယ်စပ် နေရာတဝိုက်မှာ ရှိနေတဲ့ အိန္ဒိယ ခွဲထွက်ရေးသူပုန်တွေကို မြန်မာစစ်တပ်က တိုက်ထုတ်ပေးဖို့ ကတိပေးခဲ့ရပါတယ် ။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။