နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2010 - 16:02 GMT

ကေအိုင်အေနဲ့ အစိုးရတပ်ကြား သတိပေး ပစ်ခတ်

KIA

ကေအိုင်အေ တပ်က နယ်ခြားစောင့် တပ်ဖွဲ့ဖို့ ငြင်းဆန်နေ

တရုတ်မြန်မာ နယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နားမှာ ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရ စစ်တပ်တွေ အကြား အပြန်အလှန် သတိပေး သေနတ် ပစ်ဖေါက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

စနေနေ့ မနက် ၉နာရီလောက်က လွယ်ဂျယ်မြို့နဲ့ မိုင်ဂျာယန် မြို့ အကြားက ကုံးဆာ ဆိုတဲ့ ရှမ်းရွာ နားမှာ အခုလို ပစ်ဖေါက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

အဲဒီမှာ ကေအိုင်အေ တပ်မဟာ ( ၃ ) အခြေစိုက်နေတာ ဖြစ်ပါတယ်။

အဲဒီရွာနားကို စစ်အစိုးရတပ် ချဉ်းကပ်လာစဉ်မှာ အရင် သေနတ် ပစ်ဖေါက်ခဲ့တဲ့အတွက် ရွာကို လုံခြုံရေး ယူထားတဲ့ ကေအိုင်အေ တပ်က ပြန်လည် ပစ်ဖေါက်ခဲ့တာ ဖြစ်ကြောင်း ကေအိုင်အေနဲ့ ပတ်သက်နေတဲ့ ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

တိုက်ခိုက်မှုမျိုးနဲ့ အထိအခိုက် အသေအပျောက်တော့ မရှိကြောင်းနဲ့ အခြေအနေ တင်းမာနေမှုကြောင့် တဖက်နဲ့ တဖက် စောင့်ကြည့်နေတာမျိုးပဲ ရှိတယ်လို့ ဆိုပါတယ်။

တခြားဒေသခံတွေ အဆိုအရတော့ သောကြာနေ့ ညပိုင်းက ကုံးဆာရွာက ရွာသား ၇ဦးကို ကေအိုင်အေ ဖက်က စည်းရုံးရေးအရ သွားရောက် ခေါ်ခဲ့ရာမှာ အခေါ်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တချို့က မကျေမနပ်ဖြစ်ပြီး အစိုးရတပ်ကို သွားရောက် ပြောဆိုခဲ့တဲ့ ကိစ္စနဲ့လည်း အခု သေနတ် ပစ်ဖေါက်မှု ကိစ္စ ဆက်စပ်နေဖွယ် ရှိတယ်လို့ သိရပါတယ်။

ဒါဟာ နယ်ခြားစောင့် တပ်ဖွဲ့ဖို့ ငြင်းဆန်ထားတဲ့ ကေအိုင်အေနဲ့ မြန်မာ အစိုးရ စစ်တပ်တွေ အကြား အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အခြေအနေ တင်းမာမှု တရပ် ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။