နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2010 - 15:43 GMT

ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ညှိနှိုင်းပေးသူ

DASSK

ဒေါ်စုကို လူထုနဲ့ တိုင်းရင်းသားတွေက ထောက်ခံထားလို့ သူမပါရင် နိုင်ငံရေးရှေ့မတိုးနိုင်လို့ သုံးသပ်ကြ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ဒီမို ကရေစီရေး လုပ်ငန်းစဉ်မှာ အားလုံး ကနေ အားပေး ကူညီနိုင်ဖို့ အတွက် သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းနဲ့နိုင်ငံတကာကြား ကြားခံ ညှိနှိုင်းဆောင်ရွက် ပေးနိုင်သူ တစ်ယောက်ဖြစ်ဖို့ စိတ်ဝင်စားတဲ့ အကြောင်း ပြောတယ်လို့ စင်ကာပူထုတ် စထရိတ် တိုင်းမ် သတင်းမှာ ရေးထား ပါတယ်။

မြန်မာနိုင်ငံသားတွေ အတွင်းမှာ သာမက နိုင်ငံတကာက လူတွေနဲ့ပါ ကျယ်ပြန့်တဲ့ ကွန်ယက်တစ်ခု တည်ဆောင်ဖို့ စိတ်ဝင်စားနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သတင်းမှာ ရေးထား ပါတယ်။

ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံတို့နဲ့သာမက အာဆီယံနဲ့ တခြား အာရှနိုင်ငံတွေ ပူးတွဲပြီး ကြိုးစားလုပ်ဆောင်ကြရင် မြန်မာပြည် ဒီမိုကရေစီရေးအတွက် အများကြီး အထောက်အကူ ဖြစ်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ရေးထားပါတယ်။

ဥရောပအတွင်းမှာ မြန်မာ့အရေးဆောင်ရွက်နေတဲ့ ယူရိုဘားမားရုံးက ဒါရိုက်တာ ဦးဟန်ညောင်ဝေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နအဖက ပြိုင်ဘက်တစ်ဦးအဖြစ် မြင်နေလို့ ဒေါ်အောင်ဆန်းစုကြည် အဲဒီလို Facilitator အဖြစ် နိုင်ငံတကာနဲ့ မြန်မာကြား ကြားဝင်လုပ်ဆောင်မှုကို နအဖအစိုးရက သဘောတူမယ်လို့ မထင်တဲ့အကြောင်း ပြောပါတယ်။

ဒါပေမယ့် စီးပွားရေးပိတ်ဆို့မှုအရေး၊ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေး အကူအညီရရှိရေး စတဲ့ ကိစ္စရပ်တွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်လုပ်မယ်ဆိုရင် နအဖက လက်ခံနိုင်သလို လတ်တလော အောင်မြင်နိုင်ကြောင်း သူက သုံးသပ်ပါတယ်။

နိုင်ငံရေးလုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မပါရင် အောင်မြင်မှာ မဟုတ်ဘူးလို့ နိုင်ငံတကာက လက်ခံထားကြောင်း ဦးဟန်ညောင်ဝေက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။