နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2010 - 15:55 GMT

နိုင်ငံရေးအကျဉ်းသားမိသားစုကွန်ရက်

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသား မိသားစုတွေနဲ့ တွေ့ဆုံရာမှာ မိသားစုချင်း အပြန်အလှန် အကူအညီ အစောင့်အရှောက် ပေးနိုင်ဖို့ ကွန်ရက် လုပ်နိုင်ရင် ကောင်းမယ်လို့ ပြောကြားခဲ့ပါတယ်။

ko htay kywe

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသား မိသားစုတွေ တွေ့ဆုံမှုအပြီး နောက်ပိုင်း မနေ့ ဒီဇင်ဘာလ ၃ ရက်က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်သူ ကိုဌေးကြွယ်ကို ယောက်ဖ ဖြစ်သူ ကိုဖြိုးမင်းသိမ်းက ထောင်ဝင်စာ သွားတွေ့ခဲ့ပါတယ်။

ကိုဌေးကြွယ် ကျန်းမာရေး ကောင်းမွန်ကြောင်းနဲ့ တခြားဒုက္ခရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ အတွက် စိတ်ပူကြောင်း ကိုဌေးကြွယ်က ပြောကြား လိုက်တယ်လို့ ကိုဖြိုးမင်းသိမ်းက ဘီဘီစီကို ပြောပါတယ်။

တခါ ကိုဌေးကြွယ်က အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အားလုံး ပါဝင် ဆောင်ရွက်ဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မဖော်ဆောင်နိုင်ခဲ့ရင် တိုင်းပြည် တိုးတက်မှာ မဟုတ်ဘူးလို့ ပြောဆိုကြောင်းလည်း သူက ဆက်ပြောပါတယ်။

ဒီမိုကရေစီကို ထူထောင်ဖို့နဲ့ ပြည်ထောင်စု ပြဿနာ ဖြေရှင်းတို့အတွက်လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးက အရေးကြီးကြောင်း ကိုဌေးကြွယ်က ထောက်ပြ ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားမိသားစုကွန်ရက်ဆိုတာကတော့ ရှိနေပြီးသားပါလို့ ကိုဖြိုးမင်းသိမ်းက ပြောပါတယ်။ မိသားစု အချင်းချင်းကြားမှာ သာမှုနာမှုတွေကို တယ်လီဖုန်းနဲ့ ဖြစ်ဖြစ်၊ လူချင်းတွေ့ဆုံလို့ ဖြစ်ဖြစ် ဆောင်ရွက် ပေးနေကြတာပဲလို့ ကိုဖြိုးမင်းသိမ်းက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။