နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2010 - 16:41 GMT

ကြံ့ခိုင်ရေးက NDF ကိုစည်းရုံး

ကြံ့ခိုင်ရေးပါတီရုံးခန်း

ကြံ့ခိုင်ရေးပါတီရုံးခန်း

ရွေးကောက်ပွဲလွန်ကာလမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ကျန် နိုင်ငံရေးပါတီတွေကို နည်းမျိုးစုံနဲ့ထိတွေ့ဆက်ဆံပြီး စည်းရုံးလှုပ်ရှားနေရာမှာ ဒီကနေ့တော့ မန္တလေးတိုင်း NDF အမျိုးသား ဒီမိုကရေစီအင်အားစု တိုင်းစည်းအဖွဲ့ကို မန္တလေးတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေပြီး ကျေးဇူးတင်ကြောင်းနဲ့ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်တဲ့စာ ပေးပို့ ခဲ့ပါတယ်။

ဒီဖိတ်ခေါ်စာထဲမှာ ပါရှိတဲ့အချက်တချို့ကို မန္တလေးတိုင်း NDF ဒုတိယဥက္ကဌ ဦးတင်အောင်အောင်က ဖတ်ကြားပြရာမှာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ညီအစ်ကိုတော် ပါတီများအားလုံးကို ကြိုဆိုပါကြောင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ညီအစ်ကိုတော်ပါတီတွေကို မိတ်ဆွေပါတီများအဖြစ်၊ မိတ်ဖက်ပါတီများအဖြစ်၊ လုပ်ဖေါ်ကိုင်ဖက်အဖြစ်၊ သဘောထား ထားရှိတဲ့အကြောင်း ရေးသားပါရှိပါတယ်လို့ ဦးတင်အောင်အောင်က ပြောပါတယ်။ ဒီစာရွက်ပေါ်မှာ ရေးထားတဲ့အတိုင်း ကတော့ ကောင်းနေတဲ့အကြောင်း ဒါပေမယ့်လည်း လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက် တွေကတော့ တွေ့တဲ့အတိုင်းပဲပေါ့ဗျာ လို့လည်း ဦးတင်အောင်အောင်က ပြောပါတယ်။

ဒီဖိတ်ခေါ်စာအပေါ် သဘောထားပေးရမယ်ဆိုရင် ပြည်သူတွေအတွက် အကျိုးရှိမယ့်ကိစ္စဆိုရင်တော့ NDF အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူကို ထိခိုက်လာစေတဲ့ကိစ္စတွေကိုတော့ အပစ်ပြောတာမျိုးမဟုတ်ပဲ ဝေဖန်ချက် အကြံပြုချက်တွေ ပေးသွားမှာဖြစ်တယ်လို့ ဦးတင်အောင်အောင်က ဘီဘီစီကို ပြောသွားပါတယ်။

ဒီလိုစာမျိုးကိုပဲ ကျောက်ဆည်က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်သန်းဆီကို စာတိုက်မှ ရောက်လာတဲ့အကြောင်း ဦးတင်အောင်အောင်က ဖြည့်စွက် ပြောဆိုသွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။