နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2010 - 16:41 GMT

HIV/AIDS ဝေဒနာရှင် ၇၀ ရာခိုင်နှုန်း ဆေးမရ

မြန်မာနိုင်ငံက HIV/AIDS ဝေဒနာရှင် ၃၀ ရာခိုင်နှုန်းကိုတော့ ခုခံအားကျဆင်းမှုကို ဟန့်တားနိုင်တဲ့ ARV ပေးနိုင်ပါတယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ အေအိုင်ဒီအက်စ်ရုံး UNAIDS ရဲ့ ဌာနေကိုယ်စားလှယ် မစ္စတာ Sun Gang က ဘီဘီစီကို ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့မှာ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ကျော်မြင့်က မြန်မာနိုင်ငံမှာ ရောဂါ ဖြစ်ပွားမှုနှုန်း ၁၀ နှစ် အတွင်း ကျဆင်း ခဲ့တယ်လို့ ပြောကြားခဲ့မှုအပေါ် မစ္စတာ Sun Gang က မှန်ကန် နိုင်တယ်လို့ ပြောပါတယ်။

စာရင်းဇယားတွေအရ ပြောဆိုတာမို့၊ ဒီစာရင်းတွေက အစိုးရရော၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး နဲ့ UNAIDS ပါ ကောက်ခံထားတာကြောင့်ပါလို့ သူက ဆိုပါတယ်။

အခုလို ရောပါဖြစ်ပွားနှုန်း လျော့ကျလာတယ်ဆိုတာဟာ အမျိုးသမီး လိင်အလုပ်သမားတွေက ကွန်ဒုံး သုံးစွဲလာတာရယ်၊ လိင်တူချစ်သူ အမျိုးသားချင်း ကြားမှာလည်း ကွန်ဒုံး သုံးစွဲအောင် ပညာပေးနိုင်တာရယ် ကြောင့်လို့ သူက ထောက်ပြပါတယ်။

ဒါပေမဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကြားမှာတော့ လျော့ကျမှုက သိပ်မရှိသေးဘူးလို့ မစ္စတာ Sun Gang က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လူမှုအကူအညီပေးရေး လုပ်ငန်းတခုဖြစ်တဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ မဖြူဖြူသင်းတို့ တည်ထောင်ထားတဲ့ HIV/AIDS စင်တာ အပါအဝင် ဝေဒနာသည်တွေကို စောင့်ရှောက်ထားတဲ့ လူမှုရေး အဖွဲ့အစည်းတွေကိုလည်း သူက ချီးကျူးခဲ့ပါတယ်။

အခုလို အားလုံး နိုင်တဲ့ဘက်က ဝေဒနာသည်တွေကို စောင့်ရှောက် ကူညီလုပ်ကိုင် တာတွေဟာ ကောင်းပါတယ်လို့ မစ္စတာ Sun Gang က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။