နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2010 - 14:39 GMT

မြန်မာ ရွေးကောက်ပွဲကို နိုင်ငံတကာက ဝေဖန်

obama

မြန်မာ ရွေးကောက်ပွဲ ကို သမ္မတ အိုဘားမား ဝေဖန်

မြန်မာနိုင်ငံမှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ အိုဘားမားက သဘောထား ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှု မရှိသလို တရားဝင် ရွေးကောက်ပွဲ ဖြစ်ရေး နိုင်ငံတကာ စံနှုန်းတွေနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ ကြေညာချက်ထဲမှာ ဖေါ်ပြထား ပါတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ရှေ့ဆက်ပြီး အနီးကပ် စောင့်ကြည့်နေမယ်လို့လည်း ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

သြစတြေးလျနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟေလာရီ ကလင်တန် ကလည်း ဒီရွေးကောက်ပွဲဟာ ချို့ယွင်းမှုတွေ အများကြီး ရှိနေတယ်လို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း ရွေးကောက်ပွဲ အပြီး တက်လာမဲ့ နောက်အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် ဆောင်ကျဉ်းပေးနိုင်ဖို့ သူမအနေနဲ့ မျှော်လင့် နေပါတယ်လို့ ပြောသွားပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်ဂ်ကလည်း ဒီရွေးကောက်ပွဲဟာ ချို့ယွင်းမှုတွေ ရှိနေပြီး မြန်မာနိုင်ငံ တိုးတက် ပြောင်းလဲရေးအတွက် ကိုယ်စားပြုမှာ မဟုတ်ဘူး လို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အင်ဒရူး ဟိုင်းန် ကလည်း ဒီကနေ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ဆောင်ကျဉ်းပေးနိုင်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေးကို ဖေါ်ဆောင်ပေးနိုင်ဖို့၊ အခွင့်အလမ်းကောင်း တခု ဖြစ်ခဲ့ပေမဲ့ အခုတော့ ဒီအခွင့်အရေးကို ကောင်းကောင်းကြီး လက်လွှတ် ဆုံးရှုံးသွားရပြီလို့ ဘီဘီစီကို ပြောသွားပါတယ်။

ဒီရွေးကောက်ပွဲကို EU ဥရောပ သမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ကို လေ့လာ ကြည့်ရှုခွင့်ပေးခဲ့ပေမဲ့ EU အဖွဲ့ကတော့ လွတ်လွတ်လပ်လပ် စောင့်ကြည့် လေ့လာခွင့် ရှိမှာ မဟုတ်တဲ့အတွက် သွားရောက် ကြည့်ရှုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။