
ရွေးကောက်ပွဲ ဒီနေ့စပြီ
မြန်မာနိုင်ငံမှာ နှစ်နှစ်ဆယ်အတွင်း ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲအတွက် ဒီနေ့ မဲစပေးနေကြပါပြီ။
ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့ အာဏာပိုင်တွေနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စလှယ်လောင်းတွေက ခြိမ်းခြောက် အကြပ်ကိုင်မှုတွေ၊ မသမာ မှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ ကနေ သတင်းတွေရရှိပါတယ်။
စစ်ကိုင်း တိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ဖြစ်တဲ့ မြင်းမူ၊ မြောင်၊ စစ်ကိုင်းမြို့တွေမှာ တခြား ပါတီတွေက ခန့်ထားတဲ့ မဲရုံ ကိုယ်စားလှယ်တွေကို ကြံ့ခိုင်ဖွံ့ရေး ပါတီ စည်းရုံးရေးမှုက ခြိမ်းခြောက် အကြပ်ကိုင်နေတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။
ချင်းပြည်နယ်ဘက်မှာလည်း မဲရုံတွေကို စစ်တပ် ကင်းစခန်းတွေမှာ ချထားတဲ့နည်းနဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ရေး ပါတီကို မဲမထည့်ရင် အလုပ် ဖြုတ်ပစ်မယ်ဆိုပြီး ဝန်ထမ်းတွေကို ခြိမ်းခြောက် မဲထည့်ခိုင်းတာတွေ ရှိနေပါတယ်။
နအဖ စစ်တပ်ထဲက အရာရှိတွေ ယူနီဖောင်းချွတ်ပြီး ဝင်ပြိုင်နေတဲ့ကြံ့ခိုင်ဖွံ့ရေး ပါတီက ကိုယ်စားလှယ်လောင်း အများဆုံး စေလွှတ် ယှဉ်ပြိုင်ထားပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ဒုတိယအများဆုံး ဖြစ်ပါတယ်။
လွှတ်တော် သုံးရပ်အတွက် ပါတီပေါင်း သုံးဆယ်ခုနှစ်ပါတီက ကိုယ်စားလှယ်လောင်း သုံးထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။
ကိုးဆယ် ရွေးကောက်ပွဲမှာ တပြည်လုံး အနှံ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်က ဒီရွေးကောက်ပွဲမှာ ဝင်မပြိုင်ပါဘူး။
ရွေးကောက်ပွဲကို ပြည်ပက လေ့လာစောင့်ကြည့်သူတွေ လာရောက် ကြည့်ရှုခွင့် မပြုခဲ့တဲ့ အတွက် ပြည်တွင်းက သံရုံးတချို့ဘဲ တချို့ မဲဆန္ဒနယ်တွေကို သွားရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပြည်ပ သတင်းဌာနတွေလည်း သတင်းယူခွင့် မရှိဘဲ ခုရွေးကောက်ပွဲရဲ့ တရားဝင်မှုကို နိုင်ငံတကာက မေးခွန်း ထုတ်နေပါတယ်။
ကြံ့ခိုင်ဖွံ့ရေး ပါတီအတွက် ခြိမ်းခြောက် မဲထည့်ခိုင်းတာတွေ၊ကြိုတင်မဲကို မသမာတဲ့နည်းနဲ့ ရယူနေတာတွေ ရှိနေပြီး အဲဒိအတွက် ကြံ့ခိုင်ဖွံ့ရေး ပါတီ
နဲ့ ပြိုင်မဲ့ ပါတီတချို့က ရွေးကောက်ပွဲ ကော်မရှင်ကို တရားဝင် တိုင်ကြားထားပါတယ်။
ရွေးကောက်ပွဲ ကာလတဝိုက်မှာ ပြည်တွင်းက သတင်းတွေ ပြည်ပကို မပို့နိုင်အောင် အင်တာနက် ဆက်သွယ်မှုတွေကို အစိုးရက ပိုထိန်းချုပ်လာနေပြီး အင်တာနက် သုံးရတာ ခါတိုင်းထက် နှေးကွေးနေတယ်လို့ ပြည်တွင်းကလူတွေက ဘီဘီစီကို ပြောပြပါတယ်။

