
ထိုင်းမြန်မာနယ်စပ်က မြဝတီမြို့
ကရင်ပြည်နယ် ထိုင်းမြန်မာ နယ်စပ်မြို့ ဖြစ်တဲ့ မြဝတီမြို့မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
အချိန်ကိုက်ဗုံးလို့ ယူဆရတဲ့ အဲဒီဗုံးဟာ ည ၁၁ နာရီ မြဝတီမြို့ အမှတ်(၄) ရပ်ကွက်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး နယ်ခြားစေါင့်တပ်အဖြစ် အသွင်ပြောင်းသွားတဲ့ ဒီကေဘီအေဟောင်း ဗိုလ်မုတ်သုံရဲ့ အိမ်အနားမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
မြို့ခံ ပုဂ္ဂိုလ်တစ်ဦးကတော့ အဲဒီဗုံးဟာ ည ၁၁ နာရီလောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒါဏ်ရာရတဲ့သူတော့ မရှိဘူးလို့ပြောပါတယ်။
အခုထက်ထိ ဘယ်သူ့လက်ချက်လည်း ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
မြဝတီမြို့မှာ အခုလို ဗုံးပေါက်ကွဲတာဟာ ၆ လအတွင်း ၅ ကြိမ်မြောက် ဗုံးပေါက်ကွဲတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပေါက်ကွဲမှုဟာ အဆိုးဆုံးဖြစ်ပြီး လူ ၂ ယောက်သေဆုံးပြီး ၈ ယောက် ဒါဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗုံးထောင်တဲ့သူတွေကိုတော့ ဖမ်းဆီးရမိတယ်လို့ မကြားကြရသေးပါဘူး။
ရွေးကောက်ပွဲ နီးလာချိန် အခုလို ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြပြီး မြဝတီ မဲဆောက် နယ်စပ်ဂိတ်တွေကို မြန်မာဘက်က ၃ လနီးပါးကြာတဲ့အထိ ဂိတ်တွေ ပြန်ဖွင့်မပေးသေးဘဲ ပိတ်ထားတာနဲ့ပတ်သက်ပြီးလည်း ဒါဟာ ရွေးကောက်ပွဲအတွက် လုံခြုံရေးအရ ပိတ်တာဖြစ်နိုင်တယ်လို့ အတော်များများက ယူဆနေကြပါတယ်။

