နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2010 - 17:05 GMT

ကြံ့ခိုင်ရေးပါတီကို ရခိုင်ပြည်သူတွေ မကျေနပ်

USDA

စစ်အစိုးရနဲ့ ဆက်နွယ်မှု ရှိတဲ့ ကြံ့ခိုင်ရေးပါတီ

ရခိုင်ပြည်နယ် အတွင်းမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ကြိုတင် မဲစာရင်း ကောက်ယူ တာတွေ ရှိနေစဉ်မှာ ဘုန်းတော် ကြီး ကျောင်းတချို့ ကလည်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီရဲ့ မဲဆွယ် စည်းရုံးမှုတွေကို ဘုန်းတော် ကြီး ကျောင်းဝင်း တွေထဲမှာ လုပ်ခွင့် မပြုပဲ တားမြစ် နေတာတွေ ရှိနေ ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လ လောက်ပဲ လိုတော့တဲ့ အချိန်မှာ တောင်ကုတ်မြို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက မဲစာရင်း တွေကို သူ့ဖါသာသူ ရိုက်နှိပ် နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက ပြောတာက တောင်ကုတ်မြို့မှာ တစညနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုပြီး ပါတီ ၂ ခုသာယှဉ်ပြိုင်မှာဖြစ်တဲ့အကြောင်းနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကတော့ ပြည်သူလူထုကို အတိအလင်း အသိပေးတာမဟုတ်ပဲ လူဦးရေစာရင်းအတိုင်း ကြိုတင်မဲဆိုတာတွေကို တိုးတိုးတိတ်တိတ် သူ့တို့သဘောနဲ့သူတို့ ရိုက်နှိပ်နေတယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲအနိုင်ရရှိရေးအတွက် အခုလို နည်းမျိုးစုံ အသုံးပြု ကြိုးပမ်း နေတဲ့အတွက် ဒေသခံ ပြည်သူတွေရဲ့ မကျေနပ်သံတွေကိုလည်း ကြားနေရပါတယ်။

စစ်တွေမြို့က ဘုန်းတော်ကြီးတချို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကျောင်းဝင်းထဲမှာလာပြီး မဲဆွယ်စည်းရုံးတာကို တားမြစ်ခဲ့တယ်လို့ ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့မှာ စစ်တွေမြို့ မကျည်းမြိုင်ဆရာတော်က ကျောင်းဝင်းထဲမှာလာပြီး မဲဆွယ်စည်းရုံးတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို နှင်ထုတ်တဲ့အကြောင်း ဒီပါတီဟာ အစည်းအဝေးလုပ်မယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်မှာ ကြိုတင် စာတင်ပြီးမှ ခွင့်ပြုချက်ယူပြီးမှ လုပ်ရတာကို စာမတင်ပဲ သူ့သဘောနဲ့သူ စည်းရုံးတာဖြစ်လို့ ဒါကို ထောက်ပြပြီး ကျောင်းဝင်းထဲက နှင်ထုတ်တာဖြစ်တယ်လို့ အဲဒီဆရာတော်တစ်ပါးကပဲ ဘီဘီစီကို မိန့်ကြားပါတယ်။

တခြား လရောင်ဝင်းကျောင်းနဲ့ ဆင်ထိန်းကျောင်းတွေကလည်း ကျောင်းဝင်းတွေထဲလာပြီး စည်းရုံးရေးလုပ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို သူတို့ကျောင်းတိုက်တွေထဲမှာ ခွင့်မပြုပဲ ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။