နောက်ဆုံး ရေးသားချိန် 4 အောက်တိုဘာလ 2010 - 17:06 GMT

မဲဆွယ်ဖို့ မျက်စိကုပေးတာ လူ ၅၀ မျက်စိကွယ်

USDP

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမှတ်တံဆိပ်

မကွေးတိုင်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုမယ့် အမတ်လောင်းက မဲဆွယ်စည်းရုံးတဲ့အနေနဲ့ လူတွေကို မျက်စိခွဲစိပ်ကုသပေးရာမှာ လူအတော်တော်များများ မျက်စိကွယ်သွားကြရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဗိုလ်ချုပ်မြင့်မောင် ဦးစီးဦးဆောင်ပြီး လူထုကို စည်းရုံးတဲ့အနေနဲ့ မျက်စိ အခမဲ့ ကုသပေးတဲ့အခါမှာ အခုလို လူအတော်များများ မျက်စိကွယ်ကြရတာ ဖြစ်ပါတယ်။

ပထမ အသုတ်အနေနဲ့ မြန်မာဆရာဝန်တစ်ဦးက ဝေဒနာရှင် ၁၇၀ ကျော် ခွဲစိပ်တဲ့အခါမှာ အောင်မြင်မှုရခဲ့ပေမယ့် ဒုတိယအသုတ် ထိုင်ဝမ်က တရုတ်ဆရာဝန် ခွဲစိပ်ရာမှာတော့ လူနာ ၁၈၀ မှာ ၅၀ နီးပါးကတော့ မျက်စိကွယ်သွားကြရပါတယ်။

ကိုယ်တိုင် မျက်စိမမြင်ဖြစ်သွားရတဲ့ အသက် ၇၀ အရွယ် ဒေသခံ ဝေဒနာရှင်တစ်ဦးက ဘီဘီစီကို ပြောပြရာမှာ သူဟာ ခွဲပြီးကာစ ခုနှစ်ရက်မြင်တဲ့အကြောင်း နောက်ရက်ကျတော့မှ ရုတ်တရက် ကွယ်သွားတယ်လို့ ပြောပါတယ်။

ခွဲစိပ်တာကတော့ တစ်ရက်တည်းပါ၊ ဒီကနေ့ခွဲပြီး မနက်ဖြန်ခါကျတော့ ပတ်တီး ဖြည်လိုက်တာပါပဲ ဘယ်လိုဖြစ်သွားတယ်လို့တော့ မသိပေမယ့် မျက်စိကတော့ မမြင်ရတော့ဘူးလို့ထင်တာပဲ လို့ အဲဒီ ဒေသခံ ဝေဒနာရှင်ကပဲ ပြောပါတယ်။

မျက်စိကွယ်သွားကြရတဲ့ လူ ၅၀ ထဲမှာ သံဃာတော်တစ်ပါးကတော့ မျက်စိထဲပိုးဝင်သွားလို့ မျက်စိထုတ်လိုက်ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဘာ့ကြောင့် အခုလိုဖြစ်ရတယ်ဆိုတာကို ရေစကြိုမြို့နယ် ဒေသခံဆရာဝန်တစ်ဦးက ဘီဘီစီကို ပြောပြရာမှာ ဇွန်လ ၁၆၊၁၇ က ပထမ အသုတ်မင်းဘူးက ဒေါက်တာအောင်ဆန်းဝင်း ဦးဆောင်ပြီးခွဲတာ အားလုံးကောင်းတယ်၊ ဒုတိယအသုတ်က ဇူလိုင်လ ၁၁ ရက်နေ့ ထိုင်ဝမ်ဆရာဝန်ကတစ်ရက်တည်းနဲ့ လူနာ ၁၈၀ လောက် ခွဲချသွားတယ် ၊ ဝေဒနာရှင် ၁၀၀ မှာ တစ်ယောက်တလေတော့ အခုလိုဖြစ်တတ်တာတော့ရှိတတ်ပေမဲ့၊ အခုဟာက လူအများကြီးဖြစ်တာဆိုတော့ ခွဲစိတ်တဲ့ဆရာဝန်ရဲ့ ပေါ့ဆမှုကြောင့်လို့ သူထင်တဲ့အကြောင်း ပြောပြပါတယ်။

အခု လက်ရှိ မျက်စိမမြင်ရတဲ့ ဒေသခံတွေကတော့ သူတို့မျက်စိကို တခြားဆရာဝန်တွေနဲ့ ပြကြည့်တဲ့အခါမှာလည်း မရနိုင် မမြင်နိုင်တော့ဘူးလို့ ဘီဘီစီကို ပြောပြသွားကြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။