
ဝမ်းနည်း ပူဆွေးနေကြတဲ့ မိသားစုဝင်တွေ
စနေနေ့ည သန်းခေါင်ကျော်က စစ်တပ် ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ မောင်အောင်သူဟိန်း နဲ့ မောင်စိုးပိုင်ဇော်တို့ လူငယ်နှစ်ယောက်ကို ဒီကနေ့မှာ ပဲခူးမြို့ ဆင်ဖြူကွင်း သုဿန်မှာ မီးသဂြိုဟ် လိုက်ပါတယ်။
မူလဖိတ်စာတွေထဲမှာ နေ့လည် ၁၂ နာရီမှာ အသုဘချဖို့ ဖြစ်ပေမယ့် တနာရီလောက်စောပြီး စျာပနကို ပြုလုပ်ခဲ့ပါတယ်။
မီးသဂြိုဟ်စက်ထဲ မထည့်ခင် မိသားစုကို ကြည့်ခွင့်ပေးခဲ့ပြီး အသုဘ အခမ်းအနားလဲ အဆင်ပြေပြေနဲ့ ကျင်းပဖြစ်သွားတယ်လို့ ကွယ်လွန်သူ မောင်အောင်သူဟိန်း ရဲ့အဒေါ် ဒေါ်ထူးက ဘီဘီစီကို ပြောပြပါတယ်။
အသတ်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ ဝမ်းနည်းပူဆွေးနေကြသလို မြို့ခံတွေအနေနဲ့လည်း ဒေါသ အမျက်ထွက်ခဲ့ကြပေမယ့် ဆူပူမှု တစုံတရာတော့ မဖြစ်ခဲ့ပါဘူး။
ဒီ အသုဘအခမ်းအနားကို လုံခြုံရေးတွေ အများကြီး ကြားမှာပဲ လူ ၂၀ဝ၀ လောက် တက်ရောက် ခဲ့ပါတယ်။
အသုဘ ချသူတွေထဲမှာ အရပ်ဝတ် လုံခြုံရေးတွေအများကြီး ရှိနေသလို တမြို့လုံးမှာလည်း လုံခြုံရေးတွေ ချထားတာ တွေ့ရပါတယ်။
ရပ်ဝေးကလာပြီး အသုဘပို့သူတွေကိုလည်း မြို့အဝင်မှာ ယာယီ ထိန်းသိမ်း စစ်ဆေး တာမျိုးတွေ လုပ်ခဲ့ပါတယ်။
အသုဘပို့ လာရင်းနဲ့ အခြားလူ ၁၂ ဦးနဲ့အတူ အင်းတကော် ရဲစခန်းမှာ ယာယီ ထိန်းသိမ်းခံရတဲ့ ရှေ့နေ ဦးဖိုးဖြူကသူနဲ့ အတူ အသုဘ ပို့သူတချို့ မပို့နိုင်အောင် ရဲစခန်းက ခေါ်ထားလိုက်ပြီး အသုဘချပြီးတဲ့အချိန်ကျမှ လွှတ်ပေးလိုက်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူ လူငယ်နှစ်ဦးကို ပစ်မိန့်ပေးခဲ့တယ် ဆိုတဲ့ ဗိုလ်ကြီး သိန္ဓိစိုးနဲ့ အခုမှ အသက် ၁၈နှစ် ပြည့်စပဲ ရှိသေးတဲ့ ပစ်ခတ်သူ စစ်သား ရဲဘော် မောင်ထွန်းတို့ကိုတော့ ပဲခူးအမှတ်၃ စခန်းက အမှု ဖွင့်ထားသလို စစ်ဥပဒေအရလည်း အရေးယူမှာ ဖြစ်တယ်လို့ အရာရှိတွေက မိသားစုကို ကတိပေးထားကြောင်း သိရပါတယ်။

