နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2010 - 00:36 GMT

တရုတ် ရပ်တည်ချက် အီးယူ Caucus ဝေဖန်

China Than Shwe

နအဖ အကြီးအကဲ ပေကျင်းလေဆိပ်ကို ဆိုက်ရောက်လာပုံ

မြန်မာနိုင်ငံက ရွေးကောက်ပွဲကို ဝင်မစွက်ဘဲ အကူအညီပေးကြဖို့ တရုတ် အစိုးရ ပြောတာကို အီးယူCaucus ခေါ် မြန်မာ့အရေး ဆိုင်ရာ ဥရောပ အမတ်များ အဖွဲ့က ဝေဖန် လိုက်ပါတယ်။

တရုတ်နိုင်ငံမှာ နအဖ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အလည်အပတ် ရောက်နေတုန်းမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်ပြီး တရုတ်ဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံ တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေးမူကို အမြဲတန်း လိုက်နာ စောင့်ထိန်းခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နိုဝင်ဘာ ရွေးကောက်ပွဲကို အပြုသဘောဆောင်တဲ့ အကူအညီ ပေးကြမယ်လို့ မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရတာဝန်ခံ ယုကျန်းက ပြောသွားပါတယ်။

တရုတ်ရဲ့ ခုရပ်တည်ချက်ကို မြန်မာ့အရေးဆိုင်ရာ ဥရောပ အမတ်များ အဖွဲ့က ဝေဖန်လိုက်ပြီး တရုတ်ရဲ့ ပြောကြားချက်ဟာ ခန့်မှန်းလို့ရတယ်၊ အံ့အားသင့်စရာ မရှိဘူးလို့ ပြောပါတယ်။

တရုတ်က သူများပြည်တွင်းရေး ဝင်မစွက်ရေးဆိုတဲ့ မူနဲ့ ကမ္ဘာမှာ နံမယ်ဆိုးနဲ့ ကျော်ကြားတဲ့ ဆူဒန်လို အစိုးရတွေနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်နေတယ်၊ မြန်မာ နိုင်ငံကိုလည်း ဒီလိုပဲ လုပ်မှာပဲလို့ ဥရောပ ပါလီမန် အမတ် ဒေါက်တာ ချားစ တန်းနော့က ပြောသွားပါတယ်။

အထူးသဖြင့် တရုတ်ဟာ အင်အားကြီး နိုင်ငံ ဖြစ်လာနေရာမှာ တောင်အာရှနဲ့ အရှေ့တောင် အာရှက သူ့အတွက် မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ရေးကို ဦးစားပေး အနေနဲ့ လုပ်ဆောင်လာနေတာပဲလို့ ပြောပါတယ်။

တဘက်မှာ နအဖရဲ့ အဓိက မဟာမိတ် နိုင်ငံတနိုင်ငံ အင်အားကြီး နိုင်ငံ ဖြစ်လာရုံနဲ့ အနောက်အုပ်စုရဲ့ နအဖပေါ် ဖိအားပေးနိုင်စွမ်း ကျသွားမှာ မဟုတ်ဖူးလို့ သူက ယူဆပါတယ်။

မြန်မာ အနေနဲ့ တရုတ်နဲ့တင်မက အနောက်ဘက် စျေးကွက်ကိုပါ ထိုးဖောက်ချင်သလို နအဖ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ ဥရောပမှာ ပညာသင်ဖို့ ခရီးသွားလာမှု ပိတ်ပင်ထားတာတွေ ရုပ်သိမ်းစေချင်တဲ့အတွက် ဥရောပ နိုင်ငံတွေက တစုံတရာတော့ ဖိအားပေးနေနိုင်ဦးမှာ ဖြစ်တယ်လို့ ဒေါက်တာ တန်းနော့က ပြောပါတယ်။

အထူးသဖြင့် နိုဝင်ဘာ ရွေးကောက်ပွဲကို ဒီမိုကရေစီ နည်လမ်းကျဖို့ လုပ်ပြနေတာကိုက အနောက်နိုင်ငံတွေဆီက အသိအမှတ်ပြုမှု လိုချင်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း စစ်အစိုးရ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်မမြောက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ လက်ရှိ လုံခြုံရေး ကောင်စီမှာ နေရာ ရထားတဲ့ ဟန်ဂေရီက ထောက်ခံလိုက်တာကို ဥရောပ အမတ်တွေက ကြိုဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ကုလသမဂ္ဂကနေ ဦးဆောင်လုပ်မဲ့ ကော်မရှင်မျိုး ဖွဲ့နိုင်ဖို့ တရုတ် အပါအဝင် လုံခြုံရေး ကောင်စီ အမြဲတန်း အဖွဲ့ဝင် နိုင်ငံ ငါးနိုင်ငံလုံးရဲ့ သဘောတူညီမှု ရရမှာ ဖြစ်ပြီး တရုတ်က ဒါကို ပိတ်ဆို့ရင် ရှေ့ဆက်နိုင်မှာ မဟုတ်ဖူးလို့ ဆိုပါတယ်။

တရုတ်က နအဖ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာပြောပြော အီးယူနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ပါလီမန် အမတ်တွေကတော့ ဒီရွေးကောက်ပွဲဟာ အတုအယောင်ပဲလို့ ယူဆထားကြောင်း ဒေါက်တာ တန်းနော့က ပြောသွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။