နောက်ဆုံး ရေးသားချိန် 6 စက်တင်ဘာလ 2010 - 23:02 GMT

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တရုတ်ခရီးစဉ် ဒီကနေ့စ

မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒီနေ့ တရုတ်ပြည်ကို သွားရောက်မှာ ဖြစ်ပါတယ်။

အခုလို တရုတ်ပြည်ကို ရောက်ရှိမယ့်အချိန်မှာ တရုတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပွင့်လင်း ရွေးကောက်ပွဲဖြစ်လာရေး၊ မြန်မာနိုင်ငံက ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်အစိုးရက တာဝန်ယူဆောင်ရွက်ရေးတို့ အတွက် ဖိအားပေးဆောင်ရွက်ဖို့ အာရှလူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းတဲ့ ကြေငြာချက် တစောင်ဒီနေ့ပဲ ထုတ်ပြန်ခဲ့ပါတယ်။

အာရှလူ့အခွင့်ရေးကောင်စီက တရုတ်အစိုးရရဲ့ မူဝါဒတွေဟာ တာဝန်သိတတ်တဲ့ အင်အားကြီးနိုင်ငံ တခုအဖြစ် ရပ်တည်မယ်ဆိုတဲ့ သူ့ရဲ့ ပြောဆိုချက်တွေနဲ့ မကိုက်မညီ ဖြစ်နေတယ်လို့ ဝေဖန်ထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရကို ထောက်ခံမယ့်အစား အဖိနှိပ်ခံမြန်မာပြည်သူတွေကို ထောက်ခံရင် ပိုပြီး အကျိုးရှိမယ်လို့ အာရှလူ့အခွင့်အရေးကောင်စီ အကြံပေးအဖွဲ့ရဲ့ ဒါရိုက်တာ ဆိုဖီရစ်ချတ်ဆန်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာအစိုးရအပေါ် ပြောဆိုနိုင်တဲ့ သြဇာလည်း ရှိတယ်လို့ သူက ယုံကြည်ပါတယ်။ မြန်မာအစိုးရဘက်ကလည်း တရုတ်ဆီက မျှော်လင့်တာတွေရှိတယ် လို့ သူကသုံးသပ်ပါတယ်။

အခုဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်ဟာလည်း မြန်မာအစိုးရ အပေါ်ဖိစီးနေတဲ့ ဖိအားတွေ လျော့နည်းသက်သာအောင် တရုတ်ကကူညီဆောင်ရွက်ပေးရေး မျှော်လင့်ချက်နဲ့ လာတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဂျန်းယုကတော့ ဒီနေ့ပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံကသာ မြန်မာလူမျိုးတွေအတွက်ရော ဒေသကြီးတခုလုံး အတွက်ပါ အကျိုးရှိစေမှာ ဖြစ်တယ်လို့ ဆိုပြီး အခုလာမယ့် ရွေးကောက်ပွဲ ဟာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာဖို့ မျှော်လင့်တဲ့ အကြောင်းပြောသွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။