
Sam Kalayanee ပူးတွဲ ထုတ်လုပ်ခဲ့တဲ့ Burma VJ မှတ်တမ်းတင်ကား ရိုက်ကူးချက်
ABSDF ကျောင်းသား တပ်မတော် စထောင်ခါစမှာ အားတက်သရော ကူညီခဲ့သူ ထိုင်းကျောင်းသား သမဂ္ဂခေါင်းဆောင်ဟောင်း ဆမ်ကလျာနီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကွယ်လွန်သွားပါတယ်။
၈၈ အရေးတော်ပုံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းဘက်ကို ထွက်ပြေး ရောက်ရှိလာတဲ့ ကျောင်းသားတွေကို နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတွေ၊ ထိုင်းကျောင်းသားတွေနဲ့ ဆက်ဆံရေး ကိစ္စတွေမှာ အများကြီး အကူအညီ ပေးခဲ့သူ ဖြစ်တယ်လို့ ကျောင်းသားဟောင်း ကိုအောင်သူငြိမ်းက ဘီဘီစီကို ပြောပြပါတယ်။
တောထဲရောက်လာတဲ့ ကျောင်းသားတွေ ပညာ ဆက်လက် သင်ကြားနိုင်အောင်လည်း အကူအညီ ပေးခဲ့တယ်လို့ ကိုအောင်သူငြိမ်းက ပြောပါတယ်။
နောက်ပိုင်းမှာ သူဟာ ABSDF ကျောင်းသား တပ်မတော် တည်ထောင်မှုကို သေချာမှတ်တမ်းတင်ပြီး Barefoot Student Army အမည်နဲ့ မှတ်တမ်းတင် ဗီဒီယိုကို ရိုက်ကူးခဲ့ပါတယ်။
ကျောင်းသားတွေတင်မက မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာ ကိုယ့်နေရပ်ကနေ ရွှေ့ပြောင်းနေထိုင်လာသူတွေ ကြုံတွေ့ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ ဘဝတွေကိုလည်း မှတ်တမ်းတင် ဗီဒီယိုတွေ ရိုက်ကူးခဲ့ပါတယ်။
မကြာသေးခင်က နိုင်ငံတကာ ဆုပေါင်းများစွာ ရခဲ့တဲ့ Burma VJ ဗီဒီယိုခွေကို ပူးတွဲ ထုတ်ဝေခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
သူကိုယ်တိုင်က ကျောင်းသား တက်ကြွလှုပ်ရှားသူ ဖြစ်ပြီး စစ်အစိုးရ ဆန့်ကျင်ရေး လုပ်နေတဲ့ ကျောင်းသားတွေကို စာနာစိတ်ပေါ်လာရာကနေ ကိုယ်ထိလက်ရောက် ကူညီလာတာ ဖြစ်ပြီး ထိုင်းလူမျိုးတွေထဲမှာ ကျောင်းသားတွေကို ကူညီခဲ့သူတွေထဲမှာ သူဟာ ထိပ်ဆုံးမှာ ရှိတယ်လို့ ကိုအောင်သူငြိမ်းက ပြောပါတယ်။
သူ့ရဲ့ လက်ရာတွေကို www.imagesasiamedia.com အင်တာနက်ဆိုက်နဲ့ facebook မှာ Sam Kalayanee နံမယ်အောက်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

