
သေဆုံးသူရုပ်အလောင်းတွေကို ပဲခူးဆေးရုံက ရင်ခွဲရုံမှာထား
ြီးခဲ့တဲ့ စနေနေ့ညက ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်းမှာ စစ်သားနဲ့ အရပ်သား ရန်ဖြစ်ရာက စစ်သားတွေက သေနတ်နဲ့ လာရောက် ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့လူငယ် ၂ ဦးရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ အာဏာပိုင် တွေက မိသားစုကို ထုတ်မပေးသေးပဲ သူတို့အနေနဲ့ နိုင်ငံတော်ဈာပနလို ကျကျနန လုပ်ပေးမယ်လို့ မိသားစုကို ပန်ကြား ခဲ့တယ်လို့ သိရပါတယ်။
ဒါကို မိဘတွေက လက်မခံဘဲ ကိုယ့်အစီအစဉ်အတိုင်း အင်္ဂါနေ့မှာ ဈာပနချဖို့ စီစဉ်ထားတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
ရုပ်အလောင်းတွေထားရှိရာ ပဲခူးဆေးရုံ ရင်ခွဲရုံမှာ လာရောက်ကြည့်ရှုသူတွေ အများအပြားရှိတယ်လို့ ဆိုပါတယ်။
ဘယ်သူဘယ်ဝါ ပစ်ခတ်တယ်ဆိုတာ အသေအချာမသိရပေမယ့် အမိန့်ပေးတာ ဗိုလ်ကြီး သိဒ္ဓိစိုးဆိုသူ ဖြစ်တယ်လို့ ပြောနေကြကြောင်း ကွယ်လွန်သူ မောင်အောင်သူဟိန်းရဲ့ အဒေါ်ဖြစ်သူက ပြောပါတယ်။
ဒုတိယ ဗိုလ်မှုးကြီးအဆင့်ရှိသူ အပါအဝင် အရာရှိကြီး ၃ ဦးက မိဘတွေကို လက်ခံတွေ့ဆုံပြီး ပမာဏ အတိအကျ မသိရတဲ့ ငွေကြေးနဲ့ ကန်တော့ တောင်းပန်ခဲ့ပေမယ့် မိဘတွေက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။

