ဒီကနေ့ စက်တင်ဘာလ (၂) နေ့ဟာ ဘီဘီစီ မြန်မာပိုင်း ဌာန နှစ် (၇၀) ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။

ဘီဘီစီ မြန်မာ ဘာသာ အစီအစဉ်ကို စတင် အသံ လွှင့် ခဲ့သူ ဦးမြတ်ထွန်း
၁၉၄၀ ခုနှစ် စက်တင်ဘာလ (၂) ရက် ကမ္ဘာ့ အရှေ့ဖျားမှာ ကမ္ဘာစစ်မီး တောက်လောင် ခဲ့တဲ့အချိန်က ဘီဘီစီ မြန်မာ ဘာသာ အစီအစဉ်ကို စတင် ထုတ်လွှင့်ခဲ့တာ ဖြစ် ပါတယ်။
ဘီဘီစီ မြန်မာဘာသာ အစီအစဉ်ကို နားဆင်တဲ့ သောတရှင် အရေ အတွက်ဟာ တပတ်ကို ၈ ဒသမ ၃ သန်းကျော် ရှိတာ ကိုလည်း စစ်တမ်းကောက်ယူမှု တွေအရ သိရပါတယ်။
အင်တာနက်နဲ့ ဒစ်ဂျစ်တယ် သတင်းထုတ်လွှင့်မှုတွေ ထွန်းကားလာတဲ့ ဒီနေ့ခေတ်မှာ လှိုင်းတို ရေဒီယို အစီအစဉ်တခုရဲ့ သောတရှင် အရေအတွက် ဒီလောက်များပြား တာဟာ ထူးခြားမှု တရပ် ဖြစ်ပါတယ်။
ဆုတောင်း မေတ္တာ ပို့သကြသူများ

ဘီဘီစီ အကြီးအကဲ က မြန်မာ ဌာန အတွက် ဂုဏ်ယူ
ဘီဘီစီ Global News ရဲ့ အကြီးအကဲ ပီတာ ဟောရော့က်စ် ကလည်း ထူးခြား ကောင်းမွန်တဲ့ အစီအစဉ်တွေကို နှစ်ပေါင်း (၇၀) ကြာအောင် ထုတ်လွှင့် ပေးခဲ့တဲ့ မြန်မာ ဌာနရဲ့ မွေးနေ့မှာ မြန်မာ စကား နဲ့ စတင်ပြီး ဂုဏ်ပြုဆုတောင်း ခဲ့ပါတယ်။
နှစ်ပေါင်း များစွာ ယုံကြည် ကိုးစားပြီး နားဆင်ခဲ့ကြတဲ့ သောတရှင် တို့ကိုရော၊ ထုတ်လွှင့် ပေးခဲ့ကြသူ တွေကိုပါအထူး ကျေးဇူးတင်တဲ့ အကြောင်းလည်း သူက ထည့်သွင်း ပြောခဲ့ ပါတယ်။
သတင်း လွတ်လပ်ခွင့် မရှိတဲ့ မြန်မာ နိုင်ငံမှာ မြန်မာ ဌာနရဲ့ ထုတ်လွှင့်ချက် တွေကို သောတရှင်တို့က ယုံယုံကြည်ကြည် နားထောင်တာ တွေ့ရလို့ ဒီဌာနဟာ အရေးပါတဲ့ ဌာန ဖြစ်တယ်၊ မြန်မာ ဌာန အတွက် ဂုဏ်ယူမိပါတယ်လို့ ဘီဘီစီ Global News ရဲ့ အကြီးအကဲ ပီတာ ဟောရော့က်စ် က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကား
ဘီဘီစီ မြန်မာ ဘာသာ အစီအစဉ် လို သတင်း ဌာနတွေရဲ့ ထုတ်လွှင့်ချက် တွေကိုပဲ မြန်မာ ပြည်သား တွေက သတင်းအတွက် မှီခိုနေရတာပါ လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သတင်းစကား ပြောခဲ့ပါတယ်။
ပြည်တွင်းနဲ့ ကမ္ဘာတလွှားက သောတရှင်များ
မြန်မာ နိုင်ငံ အတွင်းနဲ့ ပြည်ပရောက် ဘီဘီစီ သောတရှင် အများ အပြားကလည်း ဘီဘီစီ မြန်မာ ဌာနရဲ့ နှစ် (၇၀) ပြည့် မွေးနေ့ အထိမ်းအမှတ် ဆုတောင်း မေတ္တာ ပို့သကြပါတယ်။ အီးမေးလ် နဲ့သာမက စာတိုက်ကနေပါ နှုတ်ခွန်းဆက် စကားတွေ ရေးသား ပေးပို့ကြတဲ့ အပြင် အသံဖိုင်တွေ ကို လည်း ပေးပို့ကြပါတယ်။

