နောက်ဆုံး ရေးသားချိန် 5 သြဂုတ်လ 2010 - 22:11 GMT

မြန်မာနိုင်ငံ မှာ အခက်အခဲ ကြုံနေရတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့

rice

မြန်မာပြည် ထဲ မှာ စားနပ်ရိက္ခာ မလောက်ငှ တဲ့ နေရာ တွေ များစွာ ရှိနေသေး

မြန်မာနိုင်ငံ ရဲ့ လူ ၁၀ ဦးမှာ တဦးနှုန်း စားနပ်ရိက္ခာ အတွက် အာမခံချက် မရှိတဲ့ အနေအထား မှာ ဆက်ရှိနေပြီး၊ ဒီလို လူတွေကို ကူညီ နိုင်ရေး မြန်မာပြည်တွင်း မှာ လွတ်လပ်စွာ သွားလာ အလုပ်လုပ် နိုင်ဖို့ အတွက် အခက်အခဲတွေ ရင်ဆိုင် နေရဆဲ ဖြစ်တယ်လို့ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ က မြန်မာ နိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စား လှယ် Mr Chris Kaye က ပြောပါတယ်။

WFP အနေနဲ့ မြန်မာနိုင်ငံ အတွင်း လုပ်ငန်း ဆောင်ရွက်ရာမှာ အဓိက ကြုံတွေ့ နေရတဲ့ စိန်ခေါ်မှုတွေ ကတော့ လိုအပ်တဲ့နေရာတွေဆီ သွားရောက်နိုင်ရေး၊ တခါ ပေးနေ တဲ့ အကူအညီ တွေ အထိရောက်ဆုံး ဖြစ်အောင် ဘယ်လိုလုပ် ရမလဲဆိုတာ ကိုနည်း လမ်းရှာဖို့ နဲ့ အလိုအပ်ဆုံးလူတွေ ကို ကူညီ ပေးနိုင်ရေး ပဲ ဖြစ်ပါတယ် လို့ Mr Kaye က ပြောပါတယ်။

အစိုးရ ရဲ့စာရင်း ဇယားတွေ အရ မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာအတွက် အာမခံချက် မရှိသူ ၅ သန်း ရှိနေ ပါတယ်။

WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့အနေ နဲ့က လူ ၂ သန်း လောက်ကို စားနပ်ရိက္ခာတွေ ထောက်ပံ့ ပေးနေကြောင်း သိရပါတယ်။

လိုအပ်နေတဲ့ အခြေအနေ အတိုင်း ပြည့်မီအောင် ကူညီနိုင်ဖို့ အတွက် အရေးကြီးတာ က လိုအပ်နေတဲ့ ဒေသတွေ ဆီကို သွားရောက် နိုင်ဖို့ လိုအပ်တယ် လို့ အဆိုပါ WFP အရာရှိ က ပြောပါတယ်။

နယ်စပ်ဒေသ နဲ့ တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေး ဝန်ကြီးဌာန နတလ နဲ့ WFP အကြား နားလည် တဲ့ ဆက်ဆံမှုတွေ ရှိ တဲ့အတွက် WFP အနေနဲ့ ရခိုင် ပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်ဒေသ တဝိုက်၊ ဝ ဒေသ နဲ့ ကချင်ဒေသ စတဲ့ စားနပ်ရိက္ခာ မလောက်ငှ တဲ့ နေရာတွေထဲ မှာ အဓိကကျတဲ့ ဒေသတွေ မှာ လုပ်ငန်း ဆောင်ရွက်ခွင့် ရထားပေမယ့် စိုက်ပျိုးရေး ၊ကျန်းမာရေး၊ ပညာရေး စတဲ့ ဝန်ကြီးဌာန တွေ နဲ့ သာ တိုးချဲ့ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရင် ဒီထက် ပို ကျယ်ကျယ် ပြန့်ပြန့် ကူညီ နိုင်မှာ ဖြစ်တဲ့ အကြောင်း Mr Kaye က ပြော ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။