နောက်ဆုံး ရေးသားချိန် 4 သြဂုတ်လ 2010 - 15:30 GMT

NLD ကို ဗြိတိန် တရားဝင်ထောက်ခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ကြိုးပမ်းချက်တွေကို ဗြိတိန်နိုင်ငံက ထောက်ခံကြောင်း တရားဝင် ပြောကြားခဲ့ပါတယ်။

NLD ပါတီရဲ့ ဆောင်ရွက်ချက်တွေကို ဥရောပနိုင်ငံတွေထဲကဆိုရင် ဗြိတိန်က ပထမဆုံး တရားဝင် အသိအမှတ်ပြု ထောက်ခံ လိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတွေ့ရတဲ့ NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ထောက်ခံ ပြောကြားလိုက်တဲ့ အမှာစကားကို ရန်ကုန် အခြေစိုက် ဗြိတိသျှ သံအမတ်ကြီး အင်ဒရူး ဟိုင်း က NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး ကို ကိုယ်တိုင် လာပြောခဲ့တာ ဖြစ်ပါတယ်။

``ဝန်ကြီးချုပ်က NLD ကို ရှေ့ဆက်လက် အားပေး ထောက်ခံသွားမယ်၊ ပုဂ္ဂိုလ်ရေး ခင်မင်တာတွေထက် ကျော်လွန်ပြီး လုပ်ကိုင်သွားမယ်၊ အရင် ဝန်ကြီးချုပ် ဂေါ်ဒွင် ဘရောင်း လက်ထက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေး ခင်မင်မှုရှိလို့ လုပ်တန်သလောက် လုပ်ခဲ့တယ်၊ အခုတော့ ဒီထက်ပိုပြီး လုပ်ကိုင်သွားမယ်လို့ ဒေးဗစ် ကင်မရွန်းက ပြောတယ်`` လို့ ဦးတင်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို ပြောဆိုတာဟာ ရွေးကောက်ပွဲ ဝင်မယ့်သူတွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူအားလုံးကို ခြုံငုံပြောတဲ့ သဘောမဟုတ်ဘဲ ဦးတင်ဦး ကိုယ်တိုင်ကိုနဲ့ NLD ပါတီသက်သက်ကိုပဲ ထောက်ခံ ပြောကြားခဲ့တာလို့ ဦးတင်ဦးက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။