နောက်ဆုံး ရေးသားချိန် 3 သြဂုတ်လ 2010 - 16:22 GMT

ရခိုင်ဆရာတော်ကို အာဏာပိုင်တွေ ဖမ်း

ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းမှာ သီတင်းသုံးတဲ့ ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီ အရှင် ပညာစာရကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြီး၊ ကျောင်းကိုလည်း ချိတ်ပိတ် ခဲ့ပါတယ်။

u pinnyasarya

ဖမ်းဆီးခံထားရတဲ့ ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရ

ဆရာတော်ကို မာတုဂါမ (မိန်းမ) နဲ့ ဖောက်ပြားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အခုတော့ လူဝတ် လဲပြီးလို့ ရဲစခန်းမှာ ချုပ်နှောင် ထားကာ စစ်ဆေး နေဆဲ ဖြစ်ပါတယ်။

``ဝိနည်းတော်နဲ့ အရေးယူရင် လူဝတ်လဲ လိုက်တာနဲ့ ပြီးသွားမယ်လို့ ထင်ခဲ့တယ်၊ အခုတော့ ဓမ္မသုခကျောင်းမှာ လူဝတ်လဲပြီးတော့ ဘုန်းကြီးကျောင်း ပြန်မပို့ဘဲ ရဲစခန်း ခေါ်သွားတာ အခုထိ စစ်ကြော နေတုန်းပဲ`` လို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ဘုန်းကြီးကျောင်းမှာ စေတနာ့ ဝန်ထမ်း စာပြခဲ့တဲ့ ဆရာ ခိုင်ပြည်စိုးက ပြောပါတယ်။

ဆရာတော့် စာကြည့်တိုက်ထဲက ဆရာတော် သိမ်းဆည်းထားတဲ့ ရခိုင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ပေစာ၊ ပုရပိုက်စာနဲ့ ကျောက်စာတွေ ကိုလည်း အာဏာပိုင်တွေက သိမ်းယူခဲ့ပါတယ်။

ဆရာတော် စောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေး တွေကို လာကူညီတဲ့ နိုင်ငံခြားသားတွေ

``သိမ်းသွားတာ ကျောင်းမှာ ဘာမှ မရှိတော့ဘူး၊ သမိုင်းဝင် ပစ္စည်းတွေ အကုန် ပါသွားတယ်`` လို့ ဆရာ ခိုင်ပြည်စိုးက ဆက်ပြောပါတယ်။

ဆရာတော့်ကျောင်းက မိဘမဲ့ ကလေး ၁၀၀ ကျော်ထဲက ၄၇ ဦးကိုတော့ သြဂုတ်လ ၁ ရက်နေ့မှာ အာဏာပိုင်တွေက ရန်ကုန်နဲ့ မန္တလေး မြို့တွေကို ပို့လိုက်ပြီး ကျန်တဲ့ ကလေးတွေ ကိုတော့ ရဲစခန်းမှာ ထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။

စစ်တွေမြို့ခံတွေ ကတော့ ဆရာတော်သာ မာတုဂါမနဲ့ တကယ် ဖောက်ပြားခဲ့တယ် ဆိုရင် ဝိနည်းတော်နဲ့ပဲ အရေးယူတာကို တွေ့မြင် လိုကြပြီး၊ ရခိုင် သမိုင်းဝင် ပစ္စည်းတွေ ဆုံးရှုံးမှာနဲ့ ဆရာတော် စောင့်ရှောက် ထားတဲ့ ကလေးတွေ ဒုက္ခရောက်မှာ ကိုတော့ မလိုလားတဲ့ အကြောင်း သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။