
လယ်သမားတွေ လယ်သိမ်းခံရပြီး လျော်ကြေးပေးတော့ မတန်တဆ
ကချင်ပြည်နယ် ဖါးကန့်မြို့နယ်က တောင်သူတချို့ရဲ့ လယ်ယာတွေကို ယုဇနကုမ္ပဏီ သိမ်းပိုက်လိုက်ရာမှာ လယ် အသိမ်းခံရတဲ့ လယ်သမားတွေက တန်ရာတန်ကြေး မရတဲ့အတွက် အငြင်းပွါးမှုတွေဖြစ်နေပါတယ်။
မိုးညှင်းခရိုင် ဖါးကန့်မြို့နယ်ထဲက ရှရွတ်ဆွတ်ရွာ၊ အော်ရာရွာ၊ ဟော်ရယ်ရွာ၊ ဘန်ကောက်ရွာနဲ့ နမ့်ဆိုင်ရွာက ရွာသားတချို့ လယ်အသိမ်းခံခဲ့ကြရတယ်လို့ ဒေသခံရွာသားတွေက ဘီဘီစီကို ပြောပါတယ်။
လယ်ယာနဲ့ ဥယျာဉ်မြေဧက ၁၀၃၀ ကျော်ကို ယုဇနကုမဏီက သိမ်းယူပြီး ပလောပီနံ စိုက်ပျိုးခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
မြေယာဆုံးရှုံးသွားတဲ့ ကျေးရွာသားတွေကို အစိုးရသတ်မှတ်ထားတဲ့ စံပြကျေးရွာတွေမှာ အကူအညီတချို့ပေးပြီး ပြန်လည် နေရာချထားပေးမယ်လို့ ဆိုပေမယ့် စိုက်ပျိုး လုပ်ကိုင်လို့မရတဲ့ နေရာမို့ ရွာသားတွေက မသွားချင်ကြပါဘူး။
သူတို့အနေနဲ့ မြေယာတွေ ဆုံးရှုံးပြီး စိုက်ပျိုးလုပ်ကိုင်မရဖြစ်နေတဲ့အတွက် လူ့အခွင့်အရေးနဲ့ဆိုင်တဲ့အမှုတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်နဲ့တိုင်ပင်ပြီး တရားစွဲဆိုဖို့ စီစဉ်တဲ့အခါကြမှ ယုဇနကုမဏီက လျော်ကြေးပေးဖို့ စီစဉ်လာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လ ၁၆ ရက်နေ့က ပြည်နယ်တရားရုံးကို သွားပြီး အမှုတင်တဲ့အခါ ပြည်နယ်တရားသူကြီးက တရားမစွဲပါနဲ့အုန်း တောင်သူတွေကို အလျော်ပေးဖို့အတွက် တိုင်းမှူးကို တင်ပြမယ်လို့ ပြောခဲ့ပါတယ်။
အခု လက်ရှိမှာ တိုင်းမှူးကော ယုဇနကုမဏီက ပုဂ္ဂိုလ်တွေကော တောင်သူတချို့ဆီလာပြီး လျော်ကြေးပေးတာ ညှိနှိုင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒီလို အလျော်ပေးတာ ညှိနှိုင်းတာတွေ ရှိနေတယ်ဆိုပေမယ့် လက်တွေ့မှာ အာဏာပိုင်တွေဘက်က ဖိအားပေးတာတွေ ရှိနေတယ်လို့ လယ်သမားတွေဘက်က ပြောကြပါတယ်။
လယ်တစ်ဧကကို ၃ သိန်းခွဲလောက် ပေါက်ဈေးရှိနေချိန် မြေတဧကကို ၈၀၀၀၀ နှုန်းနဲ့ဈေးဖြတ်တာ လက်ခံသူတွေရှိပေမဲ့ လက်မခံတဲ့သူ ၃၀ လောက်ရှိနေသေးတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ယုဇနစင်တာက စီမံကိန်းတာဝန်ရှိသူကတော့ လျော်ကြေးမပေးပဲ သူများမြေကို အတင်းသိမ်းထားမျိုး မရှိတဲ့အကြောင်း ငြင်းဆိုပါတယ်။
လယ်သမားတွေကတော့ ဒီကိစ္စကို ရှေ့နေနဲ့ တိုင်ပင်ပြီး တကယ်လို့ ညှိနှိုင်းမရဘူးဆိုရင် တရားစွဲဆို နစ်နာကြေး ဆက်တောင်းဆိုကြမယ်လို့ သိရပါတယ်။

