
ကြံ့ခိုင်ရေးပါတီလှုပ်ရှားမှုတွေကို ကိုအေးလွင်က ပြန်ဝေဖန်
၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီရဲ့ ခေါင်းဆောင် ဦးအေးလွင်တို့အဖွဲ့ကို အစိုးရက တရားစွဲဖို့ လုပ်နေပါတယ်။
ဦးအေးလွင်တို့ ပါတီက ဦးအောင်မင်းသူဟာ ပါတီရံပုံငွေအတွက် စျေးမှာ အလှူခံခဲ့ပြီး ဒီလို အလှုခံတာဟာ စည်ပင်သာသာစည်းကမ်းနဲ့ မကိုက်ညီဘူးဆိုပြီး ကိုအောင်မင်းသူကို တရားစွဲဆိုကာ ရန်ကုန်စည်ပင်သာယာက ဆင့်ခေါ်ထားပါတယ်။
ဒီလို စည်ပင်က တရားစွဲတာဟာ ပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေကို ထိခိုက်မလား မထိခိုက်ဘူးလား တိတိကျကျ မသိရသေးပါဘူး။
ဦးအေးလွင်ကတော့ သူဟာ ရွေးကောက်ပွဲဝင်ဖို့အတွက် ဥပေဒဘောင်အတွင်းက ရန်ပုံငွေရှာတာဖြစ်ပြီး ဒီဥပဒေကိုလည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်မှတ်ထိုးပြီး ထုတ်ပြန်ထားတာဖြစ်တယ်လို့ ပြန်လည်ချေပ ပြောဆိုပါတယ်။
ဦးအေးလွင်က ''ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဆိုလို့ရှိရင်ဗျာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အသင်းကလဲ အသင်း၊ ပါတီကလည်း ပါတီဗျာ၊ အစိုးရလည်း အစိုးရ၊ လမ်းတိုင်းလမ်းတိုင်းမှာဗျာ သူတို့ အလံတွေကို ထောင်နေတာပဲ။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကျ အလံမထောင်ရဘူးလို့ ပြောတယ် '' လို့ ဦးအေးလွင်က ထောက်ပြ ပြောဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီက အသင်းအလံနဲ့ ပါတီအလံတူနေတဲ့အပေါ်လည်း ရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုသင့်တဲ့အကြောင်း ဦအေးလွင်က ပြောပါတယ်။
စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့တဲ့ ဦးအေးလွင်တို့အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မြန်မာအစိုးရကို အတိုက်ခံမလုပ်ပဲ အစိုးရအကြိုက်ပဲ လိုက်လုပ်ခဲ့တယ်ဆိုပြီး အတိုက်ခံတွေရဲ့ ဝေဖန်မှုခံခဲ့ရပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ နိုင်ငံတော်ဘဏ္ဍာကို အသုံးပြုပြီး စည်းရုံးရေးဆင်းတာဟာ မျှတမှန်ကန်မှုမရှိဘူးလို့ ရွေးကောက်ပွဲဝင်မယ့် အခြားပါတီတွေကလည်း ထောက်ပြဝေဖန်ခဲ့ကြပါတယ်။

