
နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို အားပေးနေတဲ့ NLDခေါင်းဆောင်တွေ
မြန်မာနိုင်ငံမှာ အထိန်းသိမ်း ခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျနဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေကို NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးနဲ့ အလုပ်အမှုဆောင် ဦးဝင်းတင်တို့ ဦးဆောင်တဲ့ အဖွဲ့က သွားရောက် တွေ့ဆုံ အားပေးခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေကို NLD ပါတီ ခေါင်းဆောင်ပိုင်းက ပြီးခဲ့တဲ့ သီတင်းပတ်က စလို့ သွားရောက် တွေ့ဆုံ အားပေးမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။
နိုင်ငံရေး ယုံကြည်ချက်၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေအတွက် အနစ်နာခံ လုပ်ဆောင်ခဲ့မှုတွေအတွက် နိုင်ငံရေး အကျဉ်းသားတွေကို လေးစားတဲ့အနေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အခုလို သွားရောက် အားပေး စကားပြောခဲ့တာလို့ ဦးတင်ဦး ကပြောပါတယ်။
မိသားစုတွေကလည်း ဝေးလံတဲ့ အကျဉ်းထောင်တွေဆီ သွားပြီး ထောင်ဝင်စာ ပို့ရတဲ့ အခက်အခဲ အပါအဝင် သူတို့ ကြုံနေရတဲ့ အခက်အခဲတွေကို ပြန်ပြောပြကြတယ်လို့ ဦးတင်ဦးက ဘီဘီစီကို ပြောပြပါတယ်။
ဒါပေမဲ့လည်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေဟာ စိတ်ဓါတ်ရေးရာအရ တက်တက်ကြွကြွ ရှိနေကြတယ်လို့ ဆိုပါတယ်။
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ ဝင် မပြိုင်ဖို့ ဆုံးဖြတ် ခဲ့ပြီးတဲ့နောက်မှာ လူမှုရေး လုပ်ငန်းရပ် တွေကို ဦးစားပေး ဆောင်ရွက်နေပါတယ်။

