
ကိုဇာဂနာ လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပါဝင်လက်မှတ်ထိုးခဲ့တဲ့ Barnet မြို့တော်ဝန်
လန်ဒန်မြို့တော် Barnet ကောင်စီ Amnesty International က ကြီးမှူးပြီး မြန်မာ့လူမှုရေးသမား၊ နာဂစ်ဒုက္ခသည် ကူညီသူ၊ အကျဉ်းစံ၊ နာမည်ကျော် လူရွှင်တော် ကိုဇာဂနာ လွတ်မြောက်ရေး အတွက် နိုင်ငံတကာသိ လှုပ်ရှားမှုကို ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့ တွေမှာ ကျင်းပခဲ့ပါတယ်။
ကိုဇာဂနာ လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ယူကေ NLD LA Youth တွေလည်း ပါဝင်ခဲ့ ကြပါတယ်။
ကျွန်တော်တို့ လာတဲ့ ဧည့်သည်တွေရဲ့ လက်မှတ်တွေ ကောက်တယ်၊ လက်ဝါးမှာ စတေကာ ကပ်ပြီး ဓါတ်ပုံ ရိုက်တယ်၊ ဓာတ်ပုံ လှုပ်ရှားမှု အတွက်ပါ၊ ဓာတ်ပုံတွေ ရိုက်ပြီး AI ဝက်ဘ်ဆိုက် မှာ တင်မယ် လို့ NLD LA Youth တစ်ဦးဖြစ်တဲ့ ကိုမင်းဟိန်း က ပြောပါတယ်။
ကိုဇာဂနာ လွတ်မြောက်ရေး အတွက် ဓာတ်ပုံ လှုပ်ရှားမှုနဲ့ လက်မှတ် ရေးထိုးတဲ့ လှုပ်ရှားမှုကို Barnet ရဲ့ မြို့တော်ဝန် Anthony Finn ပါ တက်ရောက် ခဲ့ပြီး၊ လက်မှတ် ရေးထိုး ခဲ့ပါတယ်။
လာကြတဲ့ နိုင်ငံတကာ က နိုင်ငံသား တွေက ဒေါ်အောင်ဆန်း စုကြည်ကို သိတယ်၊ သူ့စာ တွေ ဖတ်ဖူးကြတယ်၊ နောက်ပြီး ကိုဇာဂနာကို လူရွှင်တော်မှန်း သိတော့ လူရွှင်တော် ကိုလည်း ဖမ်းတာပဲ ဆိုပြီး အံ့သြကြတယ်၊ လူတွေကို ကူညီပြီး ထောင်ကျတယ် ဆိုလို့ ဝမ်းနည်းပြီး လက်မှတ် ထိုးကြတယ်လို့ ကိုမင်းဟိန်း က ပြောပါတယ်။

