ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ပါတီ ဥက္ကဌ ဦးသိန်းစိန်က တစ်နိုင်ငံလုံး မြို့နယ် အဆင့် ဆိုင်းဘုတ်တွေ တင်ဖို့ ပြီးခဲ့တဲ့ ရက်အတွင်းက ကိုယ်တိုင် ညွှန်ကြား ခဲ့ ပါတယ်။

ကြံ့ခိုင်ရေး ပါတီ ဆိုင်းဘုတ်တွေကို အသင်းရုံးတွေ နေရာမှာ တင်ကြမယ်
ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းရုံးနဲ့ ပစ္စည်းတွေကို အသင်းပိုင် အဖြစ် မှတ်ပုံတင်ထားပြီး ဖြစ်လို့ ပါတီဆိုင်းဘုတ်တွေ တင်တဲ့ အခါ အသင်းရုံး တွေမှာပဲ တင်မှာပါ။
ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ အစိုးရပိုင် ပစ္စည်းကို ပါတီ တစ်ရပ်က ရယူ သုံးစွဲ ပိုင်ခွင့် မရှိပါဘူး။
တင်ရမယ့် ဆိုင်းဘုတ်တွေကို အထက်က လာပေးမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
တက္ကသိုလ် ကျောင်းသားတွေဆီက မဲတွေကို ရဖို့ သက်ဆိုင်ရာ ပါမောက္ခ တွေကို ညွှန်ကြားထား တယ်လို့ သူက ဆက်ပြောပါတယ်။

အသင်းဝင်တွေသာမက နယ်ပယ် ပေါင်းစုံကနေ မဲတွေရဖို့ ကြိုးပမ်းနေ
ဆယ်တန်း ကျောင်းသားတွေ အနေနဲ့ ကတော့ အသက် မပြည့်သေးလို့ မဲမပေးနိုင် ကြသေးတဲ့ အတွက် သူတို့ မိဘတွေကို စည်းရုံးရမယ်လို့ ညွှန်ကြားထား တဲ့ အကြောင်းလည်း အဲဒီ အသင်းဝင်က ပြောပါတယ်။
ဒါ့အပြင် စက်မှုဇုံတွေ က အလုပ်သမားတွေ၊ ရပ်ကွက်နဲ့ ကျေးရွာ အသီးသီး တို့မှာလည်း မဲရအောင် စည်းရုံးကြဖို့ သက်ဆိုင်ရာကို အစီအစဉ်တကျ ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ အတင်းအဓမ္မ စည်းရုံးရေးတွေ မလုပ်ဖို့ လည်း ပါတီဥက္ကဌ ဦးသိန်းစိန်က မှာကြားခဲ့တယ် လို့ စောစောက ပြောခဲ့တဲ့ အသင်းဝင် ကပဲ ဘီဘီစီကို ပြောပါတယ်။
ရွေးကောက်ပွဲ ဝင်မယ့် ပါတီ တစ်ခု ဖြစ်တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီကတော့ ဝန်ကြီးချုပ် ရာထူးကို လက်ရှိ ထမ်းဆောင်နေချိန်မှာ ပါတီ စည်းရုံးရေး အတွက် စနစ်တကျ စီစဉ်တာမျိုး မလုပ်သင့် ဘူးလို့ ထောက်ပြ ပြောဆိုပါတယ်။
မကြာခင်မှာတော့ ပါတီ ခေါင်းဆောင် စာရင်းကို ထုတ်ပြန်မယ်လို့ လည်း သိရပါတယ်။

