
ပိုလန် ဒီမိုကရေစီ အစည်းအဝေးမှာ စကားပြောစဉ်
ပိုလန်နိုင်ငံ ခရာကောမြို့မှာ နိုင်ငံပေါင်း ၁၀၀ ကျော်က လူပေါင်း ၈၀၀ ကျော် ပါဝင် တက်ရောက်တဲ့ ဒီမိုကရေစီ ထိပ်သီး အစည်း အဝေး တရပ် ကျင်းပ ပြုလုပ် ခဲ့ပါတယ်။
အစည်း အဝေးကို နိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံခြားရေး ဝန်ကြီး တွေလည်း တက်ရောက်ခဲ့ ရာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် လည်း အပါအဝင် ဖြစ်ပါတယ်။
နိုင်ငံပေါင်းစုံက အစိုးရနဲ့ မပတ်သက်တဲ့ လူထု အခြေခံ လူမှုရေး အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အရေး လှုပ်ရှား တက်ကြွ သူတွေနဲ့ လူငယ် ခေါင်းဆောင်တွေ ကိုလည်း ဖိတ်ကြားခဲ့တယ် လို့ ဆိုပါတယ်။
မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှား တက်ကြွသူတွေကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့သူကတော့ ဒေါက်တာ ခင်ဇော်ဝင်း ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒေါက်တာခင်ဇော်ဝင်းဟာ ဒီမိုကရေစီ သမားမဟုတ်ဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။
ဒေါက်တာခင်ဇော်ဝင်းဟာ တနိုင်ငံလုံးက ဒီမိုကရေစီ လိုလားသူတွေ အုံကြွဆန္ဒပြခဲ့ကြတဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာတောင် မပါဝင်ခဲ့ဖူးဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောပါတယ်။
ရှစ်လေးလုံး အပြီး ဒီမိုကရေစီအရေးအတွက် ပါတီဖွဲ့စည်းလှုပ်ရှားကြရာမှာလည်း ဒေါက်တာခင်ဇော်ဝင်းမပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒေါက်တာခင်ဇော်ဝင်းဟာ မြန်မာစစ်အစိုးရရဲ့ အကျဉ်းထောင်မှာ ၁၀ နှစ်ကြာ ထောင်ကျခံခဲ့ရတာဟာလည်း နိုင်ငံရေး ဆောင်ရွက်မှုကြောင့် မဟုတ်ဘဲ ကျောက်မျက်ရတနာ မှောင်ခိုသယ်ဆောင်မှုနဲ့ အစိုးရမကြိုက်နှစ်သက်တဲ့ ပစ္စည်းတခု ရောနှောသယ်ဆောင်မှုကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစည်းအဝေးတက်ရောက်နေသူ ဒေါက်တာခင်ဇော်ဝင်းရဲ့ သဘောထားကို မေးမြန်းဖို့ ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

