နောက်ဆုံး ရေးသားချိန် 30 ဇွန်လ 2010 - 01:16 GMT

Caviar ငါးဥ ထုတ်တဲ့ ငါးမျိုး မြန်မာပြည်မှာ စမွေး

Caviar ငါးဥ

တစ်ကီလိုကို အမေရိကန် ဒေါ်လာ ၁၅ဝဝ ကျော်တန်တဲ့ Caviar ငါးဥထုတ်တဲ့ Sturgeon ငါးမျိုးကို မြန်မာနိုင်ငံမှာ စတင်မွေးနေပါပြီ။

ပုလဲနဒီ ကုမ္ပဏီက ဘီလူးချောင်းမှာ ဖောင်ဖွဲ့ပြီး စတင်မွေးမြူနေတာ ဖြစ်ပါတယ်။

ဈေးကောင်းရတဲ့ ငါးမွေးမြူ ရာမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဘီလူးချောင်း မြစ်ဖျားနားမှာ ဗီယက်နမ် ကုမ္ပဏီ တခုက နည်းပညာ ပံ့ပိုးမှု အကူအညီနဲ့ လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

လောလောဆယ် ငါးသားပေါက် ငါးသောင်းလောက်ကို ချထားတယ်လို့ သိရပါတယ်။ ငါးတစ်ကောင်ဟာ သူ့ခန္ဓာကိုယ် အလေးချိန်ရဲ့ ဆယ်ပုံတစ်ပုံလောက် ပမာဏရှိတဲ့ ဥတွေ ဥပေးတတ်တယ်လို့ ဆိုပါတယ်။

ဥ ဥနိုင်တဲ့ အရွယ်ရောက်အောင် လေးနှစ်လောက်တော့ ကြာတယ်လို့လဲ သိရပါတယ်။

ပြည်ပ ပို့ကုန် ဈေးကွက်မှာ အဲဒီ Caviar ငါးဥ တစ်ကီလိုကို ဒေါ်လာ ၁၅ဝဝ လောက်ရသလို Sturgeon ငါးအသား တစ်ကီလို ကလည်း ဒေါ်လာ ဆယ်ဂဏန်း ရတယ်လို့ သိရပါတယ်။

ပုလဲနဒီ ကုမ္ပဏီကတာဝန်ရှိသူ တစ်ဦးက သူတို့ ရင်းနှီးမြုပ်နှံမှုကို ဒေါ်လာ တစ်သန်းအထိ သုံးစွဲ သွားဖို့ အစီအစဉ်ရှိကြောင်းနဲ့ ငါးဥ တစ်ကီလိုကို ဒေါ်လာငါးရာလောက် ရရင်တောင် မြန်မာနိုင်ငံအတွက် ကိုက်ပါတယ်လို့ ပြောပါတယ်။

ဈေးကွက် အများစု ကတော့ ဥရောပ နိုင်ငံတွေ ဖြစ်ပေမယ့် ခရီးသွား လုပ်ငန်း တွင်ကျယ်တဲ့ အာရှတိုက်မှာလည်း ဈေးကွက်ရှိတဲ့ ငါးမျိုး ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။