
အစိုးရက နှစ်စဉ် မူးယစ်ဆေးတွေ မီးရှို့ပြ။
မူးယစ်ဆေး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ နိုင်ငံတကာ အထိမ်းအမှတ်နေ့ကို ကမ္ဘာတဝှမ်းမှာ ဒီကနေ့ ကျင်းပခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း စစ်အစိုးရက သိမ်းဆည်း မိထားတဲ့ ဒေါ်လာ ၇၆ သန်းတန် မူးယစ်ဆေးတွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီး မူးယစ်ဆေး တိုက်ဖျက်ရေး အထိမ်းအမှတ် အခမ်းအနား တခုကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
သိမ်းဆည်းမိတဲ့ မူးယစ်ဆေးတွေနဲ့ မူးယစ်ဆေးထုတ်တဲ့ ဓါတု ပစ္စည်း အများစုဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ သိမ်းဆည်းမိခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီး ဦးမောင်ဦး က အဲဒီ အခမ်းအနားမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားရာ ဒေသဖြစ်ပါတယ်။
ဒါပေမဲ့ ရှမ်းသံတော်ဆင့် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်ကတော့ နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ကိုးကန့် နယ်မြေ၊ UWSA ထိန်းချုပ်တဲ့ ဝနယ်မြေ၊ မိုင်းလား တပ်ဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေ စတဲ့ ဒေသတွေမှာ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်ကတည်းက ဘိန်း စိုက်ပျိုး ထုတ်လုပ်မှု မရှိသလောက် ဖြစ်ခဲ့ပြီး ပြည်ထဲရေး ဝန်ကြီး ဦးမောင်ဦးရဲ့ ပြောဆိုချက်ဟာ နိုင်ငံရေး လက်နက်နဲ့ မူးယစ်ဆေးဝါးကို အသုံးချပြီး အပစ်ရပ် လက်နက်ကိုင် အဖွဲ့တွေကို လက်ညှိုးထိုး စွပ်စွဲလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
မူးယစ်ဆေး ထုတ်တဲ့ ဓါတု ပစ္စည်းတွေကို လားရှိုး၊ မူဆယ်၊ တောင်ကြီး၊ မန္တလေးနဲ့ ရန်ကုန်မြို့ကြီးတွေမှာလည်း မကြာခဏ ဖမ်းဆီးရလေ့ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ နေတဲ့ အရှေ့မြောက်ပိုင်း ဒေသကိုပဲ လက်ညှိုးထိုး စွပ်စွဲတာဟာ ယုတ္တိ မရှိဘူးလို့ ဦးစိန်ကြည်က ဘီဘီစီကို ပြောပါတယ်။
လက်နက်ကိုင် အဖွဲ့တွေနဲ့ မူးယစ်ဆေး ပတ်သက် ဆက်နွယ်မှု ရှိနေတာကို မငြင်းနိုင်ပေမဲ့ နအဖ စစ်တပ် ထိန်းချုပ်တဲ့ နယ်မြေတွေမှာ နအဖ စစ်တပ်ရဲ့ ခွင့်ပြုချက် နားလည်မှုနဲ့ မူးယစ်ဆေး ထုတ်လုပ်မှုတွေရှိနေတာမို့ နအဖ စစ်တပ်ဟာလည်း မူးယစ်ဆေးထုတ်လုပ်မှုနဲ့ တမျိုးတဖုံ ပတ်သက်နေတယ်လို့ ဆိုနိုင်ကြောင်း ဦးစိန်ကြည်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အာဖဂန် နစ္စတန် နိုင်ငံပြီးရင် မူးယစ်ဆေး အများဆုံး ထွက်တဲ့ နိုင်ငံဖြစ်ပါတယ်။

