
ရှေ့နေ ဦးဉာဏ်ဝင်း
ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရှေ့နေတွေက နေအိမ်မှာ သွားတွေ့တဲ့ အခါ အမှုကိစ္စပဲ ပြောပါလို့ အာဏာပိုင်တွေက ရှေ့နေ ဦးဉာဏ်ဝင်းကို သတိပေးခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ အခေါက် တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအနေနဲ့ မဲ ပေးပိုင်ခွင့် ရှိသလို မဲမပေးပဲ နေနိုင်ခွင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒီလို ပြောခဲ့တာကို ဦးဉာဏ်ဝင်းက မီဒီယာတွေကို ပြန်ပြောပြခဲ့တာကို ရည်ညွှန်းပြီး အာဏာပိုင်တွေက သတိပေးတာပါ။
ဇွန်လ ၂၅ ရက်နေ့က ဦးဉာဏ်ဝင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ အခါ ဒီအကြောင်းကို ပြောပြတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီလို ကန့်သတ်ချက်ကို လက်မခံနိုင်ဘူးလို့ပြောပါတယ်။
သူပြောတာတွေဟာ ပြည်သူကို ဥပဒေ အသိပညာ ပေးတာဖြစ်ပြီး နိုင်ငံတော်အနေနဲ့တောင် ဒီလိုပြည်သူကို အသိပေးတာတွေ လုပ်ပေးသင့်တဲ့အကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ ပြောခွင့်ရှိကြောင်း၊ ရှေ့နေနဲ့ လဲ ဘာကိစ္စမဆို လွတ်လွတ်လပ်လပ် ပြောခွင့်ရှိကြောင်း၊ ဘယ်အကြောင်းကို မပြောရဘူးလို့ ကန့်သတ်ချက် ဥပဒေအရ လုပ်ခွင့်မရှိကြောင်း၊ ဒါကြောင့် အခုလို ကန့်သတ်မှုတွေဟာ တရားမျှတမှု မရှိလို့လက်မခံနိုင်ဘူးလို့ ပြန်ပြောခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတာနဲ့ ပတ်သက်ပြီး အထူးအယူခံဝင်နေတဲ့ ကိစ္စ၊ နေအိမ်ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး အစ်ကို ဦးအောင်ဆန်းဦးက ကန့်ကွက်ထားတဲ့ အမှုကိစ္စတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဦးဉာဏ်ဝင်းအပါအဝင် သူ့ရှေ့နေတွေက သွားရောက်တွေ့ဆုံလေ့ရှိပါတယ်။
ဒီလိုတွေ့ဆုံတဲ့ အခါတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီကိစ္စ၊ နိုင်ငံရေး ကိစ္စတွေကိုလည်း ရှေ့နေတွေနဲ့ ပြောဆိုလေ့ရှိပါတယ်။

