
မကြာသေးခင်က မြန်မာ စက်ရုံ အလုပ်သမား တွေ အခွင့် အရေး တောင်းဆိုခဲ့ကြ
မြန်မာ နိုင်ငံက စက်မှုဇုံ အလုပ် သမားတွေ ပူးပေါင်း ပြီး မြန်မာ အမျိုးသား အလုပ် သမား သမဂ္ဂ တစ်ရပ် ကို ဖွဲ့စည်း ထူထောင် လိုက်ကြပါတယ်။
အလုပ်သမားနဲ့ လယ်ယာ လုပ်သားတွေ အပါအဝင် အလုပ်သမားထုကြီး တစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ရည်ရွယ်ပြီး အခုလို ဖွဲ့စည်းရတာ ဖြစ်တယ်လို့ အလုပ်သမား သမဂ္ဂရဲ့ ဥပဒေရေးရာ အကြံပေး ပုဂ္ဂိုလ် ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
အခု ဖွဲ့စည်းလိုက်တဲ့ အလုပ်သမား သမဂ္ဂ ဟာ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ရဲ့ သဘော တူညီချက်မှာ ပါတဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့် စည်းရုံးခွင့်နဲ့ နိုင်ငံတကာ က သတ်မှတ်ထားတဲ့ အလုပ်သမား စံနှုန်းစံထားတွေကို ပြည်တွင်း အလုပ်သမား ဥပဒေ တွေထဲမှာ မြန်မာ အစိုးရက ထည့်သွင်း ပြဌာန်းပေးဖို့ တွန်းအား ပေးလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းတာလည်း ဖြစ်ပါတယ်။
မြန်မာ အမျိုးသား အလုပ်သမား သမဂ္ဂကို မှတ်ပုံတင်ခွင့် ပေးဖို့ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လျှောက်ထား ခဲ့တယ် လို့လည်း ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
မြန်မာ နိုင်ငံမှာ အစိုးရက ဖွဲ့စည်းပေးထားတဲ အလုပ်သမား သမဂ္ဂ ရှိနေပြီသား ဖြစ်တဲ့ အတွက် အခု သမဂ္ဂ ထပ်ဖွဲ့တာဟာ အစိုးရကို စိန်ခေါ်တဲ့ သဘော သက်ရောက် နေတာမို့ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ် ရှိတာ ကိုလည်း မြန်မာ အလုပ်သမား သမဂ္ဂ မှာ ပါဝင် လှုပ်ရှားသူ တွေက ကြိုတင် တွက်ဆ ထားကြပါတယ်။

