နောက်ဆုံး ရေးသားချိန် 1 ဇွန်လ 2010 - 16:18 GMT

တရုတ်ဝန်ကြီးချုပ် မြန်မာခရီးစဉ်ကနေ ဘာမျှော်လင့်နိုင်မလဲ

wen

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် ခရီးစဉ်အတွင်း နှစ်နိုင်ငံအရေးတွေ ဆွေးနွေးဖွယ်ရှိ

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်တာခရီး လာရောက်ဖို့ ရှိပါတယ်။

တရုတ်အစိုးရဘက်က တရားဝင်ထုတ်ပြန်တဲ့ အထဲမှာတော့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေးခရီးစဉ် သွားရောက်တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

သူဟာ ခရီးစဉ်အတွင်း နအဖ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၊ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အခု ခရီးစဉ်ကနေ တရုတ် မြန်မာ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးတွေ လေးလေးနက်နက် တိုးတက်လာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယဲ့တာပိုက ဆင်ဝါသတင်းဌာနကို ပြောပါတယ်။

တရုတ်ဘက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တည်ငြိမ်တာ၊ ဒီမိုကရေစီလမ်းကြောင်း တိုးတက်မှုရှိပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးရှိတာ၊ စီးပွားရေး တိုးတက်ပြီး လူမှုရေးအရ ညီညွတ်မှုရှိတာ တွေ့မြင်ချင်တယ်လို့ တရုတ်သံအမတ်ကြီးက ပြောသွားပါတယ်။

တရုတ်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးဖွယ်ရှိတဲ့အကြောင်းအရာတွေထဲမှာ နှစ်နိုင်ငံ စီးပွားရေးနဲ့ကုန်သွယ်ရေး၊ စွမ်းအင်၊ နယ်စပ်က မြန်မာတိုင်းရင်းသားတွေအရေးကိစ္စတွေပါဝင်နိုင်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွေ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့လဲ သိရပါတယ်။

မြန်မာ့နိုင်ငံရေးတိုးတက်ဖို့ကိစ္စကတော့ တရုတ်ဝန်ကြီးချုပ်ခရီးစဉ်နဲ့ သိပ်မဆိုင်ပဲ မြန်မာအစိုးရက မြန်မာပြည်သူတွေအပေါ် ဘယ်လောက်စိတ်ကောင်း စေတနာထားပြီး လုပ်ချင်သလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်လို့ တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်မြန်မာအရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။