
ခုနှစ်နှစ် အတွင်း ပထမဆုံး လယ်ယာ သန်းခေါင် စာရင်း မြန်မာနိုင်ငံမှာ ကောက်မည်။
မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် လယ်ယာ သန်းခေါင်စာရင်း ကောက်ယူတော့မှာ ဖြစ်ပါတယ်။
နောက်ဆုံး အကြိမ် ကောက်တုန်းက FAO ကအကူအညီ ပေးခဲ့ပေမယ့် အဲဒိအချိန်က FAO မှာ ရံပုံငွေ လုံလုံလောက်လောက် မရှိတဲ့အတွက် လိုအပ်တဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မရခဲ့ပါဘူး။
ခုတခေါက်မှာ အရင်နောက်ဆုံး တခေါက်မှာ မပါတဲ့ modules ၇ ခုလောက် အသစ်ထည့်ထားပြီး စားနပ် ရိက္ခာ အလုံအလောက် ရှိမှု အချက်ကိုပါ ထည့်သွင်း ကောက်ယူမှာ ဖြစ်ပါတယ်။
နောက်တခါ အိမ်ထောင်စုဦးရေ မှန်းခြေ ခြောက်သန်းကျော်လောက်နဲ့ ကျေးရွာစု စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းလောက်က အချက်အလက်တွေနဲ့ လယ်ယာမြေ ပိုင်ဆိုင်မှုပုံစံ၊ စိုက်ပျိုးမြေ ပိုင်ဆိုင်မှု ပမာဏ၊ စိုက်ပျိုးတဲ့ သီးနှံ အမျိုးအစား စတဲ့ အချက်တွေ ပါရှိမှာ ဖြစ်ပါတယ်။
ဒီတခေါက်မှာ ထူးခြားတာက စိုက်ပျိုးသီးနှံတွေတင်မက မွေးမြူရေး တိရိစ္ဆာန်တွေ အဲဒိထဲမှာ ငါးကန်တွေနဲ့ ဆိုင်တဲ့ စာရင်းတွေလည်း ကောက်ဖို့ ရှိပါတယ်။
ကျေးရွာစု ခြောက်သောင်းလောက်က အချက် အလက်တွေကို ကောက်ယူမှာ ဖြစ်ပြီး အစိုးရဘက်က စာရင်းအင်းဌာနက လူတွေလည်း ဒီစာရင်းကောက်တဲ့ အလုပ် လုပ်ပြီး တချိန်တည်းမှာ FAO ကလည်း ရတဲ့ စာရင်းအင်းတွေကို တိကျနိုင်သမျှ တိကျအောင် စာရင်းကောက်တဲ့ အလုပ်တွေကို စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။
ရတဲ့ အချက်အလက်တွေကို လေ့လာ ဆန်းစစ်တာ အပါအဝင် အစကနေ အဆုံးထိဆိုရင် အချိန်က နှစ်နှစ်လောက်ထိ ကြာနိုင်ပါတယ်။
တိုင်းပြည်ထဲက မြေတွေကို အကောင်းဆုံး အသုံးချနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့နဲ့ မွေးမြူရေး တိရိစ္ဆာန်တွေနဲ့ ဆိုင်တဲ့ စာရင်းအင်းတွေလည်း ကောက်ယူရမှာပါ။
ဒီအချက်တွေ သေချာ လေ့လာ ဆန်းစစ်နိုင်မှ စားနပ်ရိက္ခာ လုံလုံလောက်လောက် ရှိဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ဘာတွေ ချရမလဲဆိုတာ သိနိုင်မှာ ဖြစ်တယ်လို့ FAO ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ ဌာနေ ကိုယ်စားလှယ် ဒေါက်တာ ရှင်အီမားအိက ဘီဘီစီကို ပြောပြပါတယ်။
နောက်အရေးကြီးတဲ့ အချက်တခုက မြန်မာနိုင်ငံက စပါး အများကြီး ထွက်တဲ့အတွက် မြန်မာနိုင်ငံက သီးနှံ စိုက်ပျိုး ထွက်ရှိမှုက မြန်မာနိုင်ငံ တင်မက ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံမှု အတွက်ပါ အကြုံး၀င်သွားဖို့ မျှော်မှန်းနေပါတယ်။
အစိုးရ အတွက်ကလည်း စားနပ်ရိက္ခာ အလုံအလောက် ရရှိရေးဟာ သူတို့ အတွက်လည်း အရေးကြီးတဲ့ အတွက် လိုအပ်တဲ့ ပူးပေါင်း လုပ်ဆောင်မှုနဲ့ နိုင်ငံတကာက ပေးတဲ့ အကြံဉာဏ်တွေကို လက်ခံဖို့ မျှော်လင့်တယ်လို့ FAO ဌာနီ ကိုယ်စားလှယ်က ပြောပြခဲ့ပါတယ်။

