
စစ်ရာထူး စွန့်လွှတ်လိုက်သလို အစိုးရ အဖွဲ့ကလည်း နှုတ်ထွက်ဖို့ UDP လိုလား
မြန်မာနိုင်ငံ လက်ရှိ အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အပေါ်၊ ရွေးကောက်ပွဲ ဝင်ဖို့ ပါတီတည်ထောင်ခွင့် ရထားတဲ့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ UDP က ပထမဆုံး အကြိမ် ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး စတင် ဝေဖန်လိုက်ပါတယ်။
မေလ ( ၇ ) ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ UDP ရဲ့ ကြေငြာချက်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ အာဏာရ ပါတီလို ဖြစ်နေပြီး နိုင်ငံ ပိုင် ငွေကြေး တွေကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ ဖြစ်စေ ရယူ သုံးစွဲ နေခြင်း ရှိမရှိဆိုတာ သံသယ ဖြစ်စရာ ပဲလို့ ထောက်ပြ ပြောဆိုထားပါတယ်။
တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာ စေဖို့ မြန်မာ အစိုးရ အနေနဲ့ သမာသမတ် ကျကျ ကြားနေ ရပ်တည် ပေးဖို့ လို အပ်တဲ့ အပြင် လက်ရှိ အစိုးရဟာ ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီတွေနဲ့ ကင်းရှင်းသင့်တယ် လို့လည်း UDP ပါတီက ဆိုထားပါတယ်။
ဦးသိန်းစိန် ဦးဆောင်တဲ့ ပါတီဟာ အာဏာရ ပါတီလို ဆောင်ရွက်လို့ မရတဲ့ အကြောင်းနဲ့ နိုင်ငံရေး ပါတီ တစ်ခု အနေနဲ့ သာ ရွေးကောက်ပွဲ ကို ဖြတ်သန်းသင့်တယ်လို့ UDP ပါတီ ဥက္ကဌ ဦးဖြိုးမင်းသိမ်းက ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့် ဝန်ကြီးချုပ် ဦးသိန်းစိန် အနေနဲ့ ရွေးကောက်ပွဲ ဝင်လိုတယ် ဆိုရင် တပ်မတော်ကနေ နှုတ်ထွက် သလို အစိုးရ အဖွဲ့ကနေလည်း နှုတ်ထွက်သင့်တယ်လို့ UDP ဥက္ကဌက ထောက်ပြ ဝေဖန်ထားပါတယ်။

