
အင်န်အယ်လ်ဒီဟာ လူထုကြား ရောက်သွားပြီ ရင်ထဲမှာ ဆိုင်းဘုတ် ရှိတယ်လို့ဆို
ပဲခူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်န်အယ်လ်ဒီ ရုံးဆိုင်းဘုတ်ကို ဒီကနေ့ ဖြုတ်ချ လိုက်ပါတယ်။ စစ်အစိုးရ ထုတ်ပြန် ထားတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေထဲက နိုင်ငံရေး ပါတီများ မှတ်ပုံတင် ဥပဒေမှာ ပါတဲ့ ပုဒ်မ ၂၅ ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ လက်ရှိ တရားဝင် ပါတီတွေ အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ပါတီ အဖြစ် ထပ်ပြီး မှတ်ပုံ မတင်ဘူး ဆိုရင် အလို အလျောက် ပါတီအဖြစ်က ပျက်ပြယ် ပြီးဖြစ်မယ်လို့ ပါရှိတာကြောင့် ဒါကို မလိုက် နာရင် နောက်ပိုင်း ဥပဒေတွေ အရ အရေးယူ လာမှာကို ရှောင်ရှား လိုတဲ့ အတွက်ရယ်၊ နောက် တစ်ချက် ကလဲ အဖွဲ့ချုပ်ရဲ့ ညွှန်ကြား ချက်မှာကို မြို့နယ် အဆင့် ပါတီတွေ အနေနဲ့ လွတ်လပ်စွာ ဆုံးဖြတ် ပိုင်ခွင့် ရှိတယ် ဆိုတာရယ် ကြောင့် အခုလို ဆုံးဖြတ် ခဲ့တာလို့ သိရပါတယ်။
အင်န်အယ်လ်ဒီဟာ ဆိုင်းဘုတ်သာ ချတာ၊ အင်န်အယ်လ်ဒီ ဆိုင်းဘုတ်က ရင်ထဲ ရောက်သွားပြီ၊ လူထုကြား ရောက်သွားပြီ၊ အင်န်အယ်လ်ဒီ သဘောတရားတွေ၊ ယူဆချက်တွေဟာ ဆိုင်းဘုတ် ပေါ်မှာတင် မဟုတ်တော့ဘူး၊ ရင်ထဲမှာ ထိန်းသိမ်းထား လိုက်ပြီလို့ ပဲခူးတိုင်း အင်န်အယ်လ်ဒီ စည်းရုံးရေးမှူး ဖြစ်သူ ရှေ့နေ ဦးမြတ်လှက ပြောပါတယ်။
ပဲခူးမြို့နယ် အင်န်အယ်လ်ဒီရဲ့ ဒီကနေ့ ဆိုင်းဘုတ်ချ ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဘာမှ မပြောလိုဘူးလို့ အင်န်အယ်လ်ဒီပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်က စစ်အစိုးရ အပေါ် တရားရုံးချုပ်မှာ တရားစွဲဆို လျှောက်ထား ခဲ့တဲ့ ပုဒ်မ ၂၅ ကို ဖျက်ပေးဖို့ ကိစ္စကိုလည်း တရားရုံးက လျှောက်လွှာကို လက်မခံဘဲ ဒီကနေ့ပဲ ပယ်ချ ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

