
နာဂစ် မုန်တိုင်း အပြီးမှာ လယ်သမား အတော်များများ လယ်ယာမြေ ဆုံးရှုံး ကုန်ပါတယ်။
မြန်မာနိုင်ငံ အနောက်တောင်ပိုင်းကို နာဂစ် မုန်တိုင်း ဝင်ရောက် ဖျက်ဆီးသွားတာ နှစ်နှစ် ရှိသွားပြီ ဖြစ်ပေမဲ့ မုန်တိုင်းရဲ့ ဆိုးကျိုးတွေကို ကနေ့ချိန်ထိ ဧရာဝတီ တိုင်းက လယ်သမားတွေ ခံစားနေ ရပါတယ်။
အတော်များများဟာ ကြွေးရှင်တွေကို အကြွေး ပြန်မဆပ် နိုင်ရာကနေ လယ်ယာ မြေတွေ လက်လွတ် ဆုံးရှုံး နေပါတယ်။
တချို့ နေရာတွေမှာ အတိုးဟာ တလကို ၁၅ ကျပ်တိုးထိ ပေးကြရပြီး အတိုး မပေးနိုင်တော့တဲ့ အခါမှာ လယ်သမားတွေဆီက ကျွဲနွားသိမ်း၊ လယ်ယာ မြေတွေကို ဥပဒေမဲ့ သိမ်းယူ နေတယ်လို့ လယ်သမား တဦးက ဘီဘီစီကို ပြောပြပါတယ်။
ဒီလို အဖြစ်အပျက်တွေဟာ မြို့နယ်တိုင်း လိုလိုမှာ ဖြစ်ပွားနေပြီး ကြွေးရှင်တွေက အာဏာပိုင်တွေနဲ့ နီးစပ်မှု ရှိတဲ့အတွက် သူတို့ကို ဘယ်သူကမှ မတားဆီးနိုင်ဘူးလို့ လယ်သမားတွေက ပြောပါတယ်။
လယ်ပိုင်ရှင်တွေ လယ်ယာမြေ ဆုံးရှုံးတဲ့အခါ သူတို့ကို မှီပြီး အသက်မွေး ဝမ်းကျောင်းနေသူ သူရင်းငှားတွေလည်း ဒုက္ခရောက် ကုန်ပါတယ်။
လယ်ယာမြေ ဆုံးရှုံးမှု အပြင် သီးနှံ အထွက်နှုန်း လျော့ကျမှု၊ ငွေအရင်း အနှီး လွယ်လွယ် ကူကူ အတိုးနှုန်း သက်သက် သာသာနဲ့ မရနိုင်တဲ့အတွက် တချို့ လယ်ပိုင်ရှင် တွေက လယ်ကို အပြည့် မစိုက်တဲ့ အခါမှာ သူရင်းငှားတွေလည်း အလုပ် အကိုင် ရှားပါးလာခဲ့ပါတယ်။
ဒီကြားထဲမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ငွေကြေး အကူအညီ ရရှိမှုဟာလည်း အရင်ကထက် မရေရာတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။
မကြာခင်ကဘဲ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နအဖတို့ စုဖွဲ့ထားတဲ့ သုံးပွင့်ဆိုင် ဗဟို အဖွဲ့က နာဂစ် အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို မကြခင် အရှိန် လျှော့တော့မယ်လို့ ကြေငြာခဲ့ပါတယ်။
မုန်တိုင်း ဖြစ်ပြီး ပထမနှစ်မှာ အလှုရှင် နိုင်ငံတွေ ကတိခံထားတဲ့ ငွေတွေထဲက ၇၀ ရာခိုင်နှုန်းထိ ရခဲ့ပေမဲ့ ဒုတိယနှစ်မှာ အလှုငွေ ပေးမှု သိသိသာသာ ကျသွားခဲ့ပါတယ်။
အမေရိကန် ဒေါ်လာ သန်း ၇၀၀ နီးပါးလောက်ကို ပါးစပ် ကတိပေးထားပေမဲ့ တကယ်တမ်းမှာ သန်း ၁၈၀ လောက်သာ ရပါသေးတယ်။
ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ အများကြီး လုပ်ဖို့ ကျန်နေသေးချိန်မှာ အလှုရှင်တွေ ထပ်လိုအပ်နေတယ်လို့ နာဂစ် လုပ်ငန်းများ ဆိုင်ရာ ကုလသမဂ္ဂ တာဝန်ခံ တဦးက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

