
မြန်မာပြည် စစ်အာဏာရှင် တွေထဲ အာဏာ ကို အကိုင်နိုင်ဆုံး လို့ မြင်ကြတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
နအဖ က ချမှတ် လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေ တွေဟာ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပေါ် ကိုကော၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အန်အယ်ဒီ ပါတီ အပေါ်မှာရော မတရားတဲ့ ကန့်သတ်ချက်တွေ များတဲ့ အတွက် အန်အယ်ဒီ ပါတီ က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ဖို့ ကို ကော၊ ရွေးကောက် ပွဲ ဝင်ဖို့ ကို ပါ လက်မခံဘဲ ပယ်ချ လိုက်တဲ့ နောက်ပိုင်း အန်အယ်ဒီ ပါတီ ရဲ့ ဆုံးဖြတ်ချက် အပေါ် မှားတယ်၊ မှန်တယ် ဝေဘန်ချက် တွေက ထွက်ပေါ် လာခဲ့ ပါတယ်။
မှားတယ် လို့ ဆိုသူတွေ က နအဖ ဟာ အန်အယ်ဒီ ကို ရွေးကောက်ပွဲ မဝင် စေချင် နေတာ ဖြစ်တယ်၊ အခုလို အန်အယ်ဒီ က မဝင်တော့ သူတို့ ရဲ့ ကိုယ်ပွား ပါတီ တွေသာ လာမယ့် ရွေးကောက်ပွဲ မှာ ခဲခဲယဉ်းယဉ်း ယှဉ်ပြိုင်စရာ မလိုပဲ ရွေးကောက်ပွဲ နိုင်ဖို့ ဖြစ်သွားပြီ၊ ဒီအတွက် အန်အယ်ဒီ ဆုံးဖြတ်ချက် မှားကြောင်း သုံးသပ် ကြပါတယ်။
နအဖ က ဘယ်လို စဉ်းစားချက် တွေနဲ့ လုပ်ဆောင် နေပါသလဲ။
ဒီမိုကရေစီ နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု က သုတေသနမှူး ဦးဌေးအောင် က တော့ နအဖ ခေါင်းဆောင် အချို့ အနေ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပုဂ္ဂိုလ်ရေး မုန်းတီးမှု ကို အဓိက ထားပြီး သူ့အပေါ် ကန့်သတ်တာ ဖြစ်တယ်၊ အန်အယ်ဒီ ပါတီ ကို တော့ ရွေးကောက်ပွဲ မှာ ဝင်စေချင်တယ်၊ ဒါမှ သူတို့ ရွေးကောက်ပွဲ ကို နိုင်ငံတကာ က လက်ခံ လာမှာ ဖြစ်တဲ့ အတွက် ဝင်စေချင်တာ လို့ ဆိုပါတယ်။
အခုလို အန်အယ်ဒီ ပါတီ က မဝင်ဘူး လို့ ဆုံးဖြတ်ချက် ဟာ နအဖ လိုချင်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး လို့ လည်း သူက သုံးသပ် ပါတယ်။
မြန်မာပြည် စစ်တပ် အကြောင်း လေ့လာ သုံးသပ်သူ တဦး ကတော့ နအဖ အနေ နဲ့ အန်အယ်ဒီ ရွေးကောက်ပွဲ ဝင်သည်ဖြစ်စေ၊ မဝင်သည် ဖြစ်စေ ဂရုစိုက် တဲ့ အနေအထားမှာ မရှိကြောင်း နဲ့ အခု နယ်စပ် က တိုင်းရင်းသားလက်နက်ကိုင်တပ် တွေ ရဲ့ အရေး ကို ပြည်တွင်း က အန်အယ်ဒီ အရေး တွေနဲ့ အတူ နအဖ ကတပြိုင်နက် ရှင်းနေတာ ဟာ သူတို့ ကိုယ် သူတို့ ပိုင်နိုင် နေပြီဆိုတာ ကို ပြသတာ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ကို နအဖ က ကိုင်ထားနိုင်ပြီ ဖြစ်လို့ သူတို့ ကြေညာထားတဲ့ လမ်းပြမြေပုံ အတိုင်း ရွေးကောက်ပွဲ ကို လုပ်သွားမှာ ဖြစ်ကြောင်း နဲ့ နအဖ ဟာ သူတို့ ဘက်က အသာရ နေတယ်လို့ မြင်တဲ့ အခုအချိန်မှာ ထိုးစစ် ဆက်လုပ်ဖို့ပဲ စဉ်းစားမှာပါ လို့ သူ က ဆိုပါတယ်။
ဦးဌေးအောင် က တော့ နအဖ ရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ကန့်သတ်ချက် ဟာ စစ်ခေါင်းဆောင် အချို့ ရဲ့ သဘောထားသာ ဖြစ်နိုင်တယ် လို့ သုံးသပ်ပြီး အခုအချိန်မှာ နိုင်ငံတကာ နဲ့ ပြည်တွင်း ဖိအား တွေရှိလာရင် စစ်တပ် ခေါင်းဆောင်တွေ အကြား ကွဲပြားမှုတွေ ပေါ်ပေါက် လာနိုင်ကြောင်း ဆိုပါတယ်။
ဒါပေမဲ့လည်း အထက်မှာ ဆိုခဲ့တဲ့ လေ့လာ သုံးသပ်သူ ကတော့ နိုင်ငံရေးပါတီ တွေအပေါ် ဖိနှိပ်နေမှု ကိုအခြေခံပြီး မြန်မာပြည်သူ လူထု က မကျေမနပ် ဖြစ်မှာ ကို နအဖ အနေနဲ့ စိုးရိမ်စရာ မလို တဲ့ အခြေအနေ မှာ ရှိနေပြီး လက်တွေ့ ပြဿနာ တွေရှိနေတဲ့ ဥပမာ အလုပ်သမား တွေအရေး ကနေ ပေါ်ပေါက် လာနိုင်တဲ့ မငြိမ်မသက်မှု တွေ ကို သာ အလေးထား ကြည့်နေမှာ ဖြစ်ကြောင်း သုံးသပ် ပါတယ်။

