အာဏာပိုင်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပျက်သုန်းသွား စေချင်ပေမယ့် တရားဝင် ဖျက်သိမ်းဖို့ကိုတော့ NLD အဖွဲ့ဝင်တွေကိုပဲ တာဝန်ယူ ခိုင်းနေတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေက ပြောလိုက်ပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေ (ဓာတ်ပုံ အေပီ)
ပြည်ပအခြေစိုက် ဧရာဝတီ အွန်လိုင်း မဂ္ဂဇင်းထဲမှာ NLD နောက်ဆုံးမြင်ကွင်း (သို့မဟုတ်) နိုင်ငံရေး ကံကြမ္မာရဲ့ လှောင်ပြောင်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားတဲ့ ဆောင်းပါးထဲမှာ ဦးခင်မောင်ဆွေက ပါတီဝင်တွေက အဖွဲ့ကို မှတ်ပုံမတင်ရေး ဆုံးဖြတ်လိုက်တာဟာ ပြည်သူတွေ အားကိုးရာမဲ့အောင် တရားဝင်ရှိပြီးသား နိုင်ငံရေးက ထွက်ပြေးတာလို့ ဆိုထားပါတယ်။
ဘီဘီစီနဲ့ ဆက်သွယ်မေးမြန်းခန်းမှာတော့ ဦးခင်မောင်ဆွေက နောက်ပိုင်းမှာ ရွေးကောက်ပွဲ မဝင်ချင်လို့ မဝင်သည်ပဲ ဖြစ်စေ၊ တခါလွှတ်တော်ထဲ ရောက်ပြီးမှ မတရားတဲ့ ဥပဒေတွေကြောင့် ကန့်ကွက်ပြီး သပိတ်မှောက်ထွက်ခွာနိုင်သေးတယ်၊ အဲဒီအဆင့်တွေကို ရအောင်မယူနိုင်သေးပဲ ပါတီရပ်တည်မှုကို ဖျက်လိုက်တဲ့အတွက် အခုဆိုလုပ်စရာ မကျန်တော့ဘူးလို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင်၊ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေကို ပြင်မပေးရင် ရွေးကောက်ပွဲ မဝင်ဘူးဆိုပြီး အဖွဲ့ချုပ်က အားလုံး တညီတညွတ်ထဲ သဘောတူထားတဲ့ ရွှေဂုံတိုင် ကြေငြာချက်ကို ထည့်မစဉ်းစားဘူးလားလို့ ဘီဘီစီက မေးမြန်းတဲ့အခါမှာတော့ ဦးခင်မောင်ဆွေက ရွှေဂုံတိုင် ကြေငြာချက်ဟာ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ သုံးတဲ့ ကိရိယာတခုပဲ ဖြစ်တယ်၊ အစိုးရကို ပေးထားတဲ့ ရာဇသံမဟုတ်ဘူးလို့ပြောပါတယ်။
ဒီအချက်တွေ တခုမှမရပဲနဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကို စဉ်းစားရင် ခေါင်းလျှိုလိုက်ရာ မကျဘူးလားဆိုတော့ အခြေခံဥပဒေကို ပြင်ဖို့ သံဓိဋ္ဌာန်ချထားပြီး ရှေ့နိုင်ငံရေးခရီး လျှောက်နေရင်တော့ ခေါင်းလျှိုတယ်လို့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။
နိုင်ငံရေးပါတီမရှိတော့ပဲ NLD က လမ်းပေါ်တိုက်ပွဲတွေ ရွေးချယ်ရင်လည်း လမ်းပေါ်တိုက်ပွဲက တောင်းဆိုမှုတွေကို လွှတ်တော်ထဲကသာ အကောင်အထည် ဖော်ရတာမို့ လွှတ်တော်ထဲမှာ ဒီမိုကရက်တစ် အင်အားစုတွေရှိနေမှာသာ ဒီတောင်းဆိုချက်တွေအတွက် အခွင့်အရေးရှိမယ်လို့လဲ သူကပြောသွားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၂၉ ရက်နေ့က ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ပြည်နယ်နဲ့ တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်တွေ စုံညီစုဝေးကြပြီး အများသဘောတူ ကန့်ကွက်သူမရှိ ပါတီကို မှတ်ပုံမတင်ဘို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

