
မကြာသေးခင်က လှိုင်သာယာက အလုပ်သမား တွေလည်း ဆန္ဒပြခဲ့ကြ
ရန်ကုန်တိုင်း စက်မှုဇုံတွေမှာ အလုပ်သမား ရပိုင်ခွင့် တောင်းဆိုမှုတွေ အခုရက်ပိုင်း အတွင်း ဆက်တိုက် ဖြစ်ပွားနေရာမှာ ဒီကနေ့ စနေနေ့ မနက်ကတော့ ဒဂုံမြို့သစ် တောင်ပိုင်း စက်မှုဇုံ၁မှာ ရှိတဲ့ SGI အထည်ချုပ် စက်ရုံ ၄ ရုံ မှာ အလုပ်သမား ၃ထောင်ကျော် ဆန္ဒပြခဲ့ကြပါတယ်။
ကိုးရီးယားလူမျိုးပိုင် SGI အထည်ချုပ်စက်ရုံ ၅ ရုံရှိတဲ့အနက် တစ်ရုံး ပိတ်ထားတဲ့အတွက် ကျန်တဲ့ စက်ရုံ ၄ ရုံမှာ ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။
တခြားနေရာက စက်ရုံတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ချိန်မှာ ဒီစက်ရုံ ၄ ရုံက အလုပ်သမား တွေကို အလုပ်ရှင်က လစာငွေ ကျပ် ၅၅၀၀ တိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို တိုးပေးပြီး ရှားပါးစရိတ်နဲ့ အပိုဆုကြေးတွေ ဖြတ်တောက်လိုက်တဲ့အတွက် အခုလို ဆန္ဒပြခဲ့ကြတာလို့ စက်ရုံ အလုပ်သမ တဦးက ဘီဘီစီကို ပြောပြပါတယ်။
လက်ရှိ အခြေအနေမှာ စားဝတ်နေရေး၊ ကလေးတွေ ပညာသင်ကြားရေး စတဲ့ စရိတ်တွေ ကြီးမားလွန်းတဲ့ အတွက် အလုပ်သမားလခ နှစ်သောင်းကျော်၊ သုံးသောင်း ဝန်းကျင် က ဘယ်လိုမှ မလုံလောက်ဘူးလို့ ပြောပါတယ်။
စက်ရုံ အပြင်ဖက်မှာ လုံခြုံရေး တပ်ဖွဲ့တွေ၊ ထောက်လှမ်းရေးတွေ၊ စောင့်ကြည့်နေပြီး တစုံတရာ အရေးယူတာမျိုးတော့ မတွေ့ခဲ့ရဘူးလို့ မျက်မြင်သက်သေ တဦးက ပြောပါတယ်။
ဆန္ဒပြမှုတွေက မနက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး နေ့လည် တစ်နာရီလောက်မှာတော့ တာဝန်ရှိသူတွေ လာရောက် ညှိနှိုင်းပေးခဲ့အပြီးမှာ ပြေလည်မှု ရသွား တယ်လို့ သိရပါတယ်။

