နောက်ဆုံး ရေးသားချိန် 5 မတ်လ 2010 - 22:32 GMT

အရှေ့တီမော သမ္မတနဲ့ သီးသန့် အင်တာဗျူး

PeaceJam

ဗြိတိန်နိုင်ငံက ငြိမ်းချမ်းရေး လှုပ်ရှားမှုတခုကို လာရောက်စဉ် သမ္မတ ရာမို့စ်ဟိုတာ ကို ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့

အရှေ့တီမောနိုင်ငံ သမ္မတ ဂျိုဆေ ရာမို့စ် ဟိုတာက ဒေါ်အောင်ဆန်းစုကြည်လို ရဲရင့်တဲ့အမျိုးသမီးနဲ့ သွေးစည်းညီညွတ်မှုကိုပြသတဲ့ အနေနဲ့ သူ့ကိုပြန်လွှတ်ပေးဖို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

PeaceJam လို့ခေါ်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းရဲ့ နိုဘယ်ဆုရှင်တွေကို နှစ်စဉ် ဖိတ်ကြား ဟောပြောတဲ့ အစီစဉ်တခုအရ ဗြိတိန်နိုင်ငံ ဘရက်ဖို့ဒ် တက္ကသိုလ် (Bradford University) ကိုလာရောက်စဉ် ဘီဘီစီနဲ့သီးသန့် ဆက်သွယ်မေးမြန်းခန်းမှာ သူက ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ နှုတ်နဲ့ ဖြစ်စေ၊ စာနဲ့ရေးပြီး ဖြစ်စေ၊ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ပါတယ်။

အရှေ့တီမောသမ္မတ ဂျိုဆေရာမို့စ်ဟိုတာ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲလာဖို့အတွက် စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူတာကို သူ့အနေနဲ့ သဘောမတူပေမယ့် တိုင်းရင်းသား ပြည်သူတွေကို ဖိနှိပ် အုပ်ချုပ် နေတဲ့ စစ်အစိုးရကို လက်နက်ရောင်းချ တာတွေကိုတော့ ပိတ်ပင်သင့်တယ်လို့ ယူဆကြောင်း သမ္မတ ရာမို့စ် ဟိုတာက ပြောခဲ့ပါတယ်။

မြန်မာအစိုးရက ကတိပြုထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့တော့ အန်အယ်ဒီပါတီအနေနဲ့ ရွေးကောက်ပွဲ ဝင်ဖို့ဆုံးဖြတ်သည်ဖြစ်စေ၊ မဝင်ဘူးလို့ ဆုံးဖြတ်သည်ဘဲ ဖြစ်စေ၊ အဲဒီဆုံးဖြတ်ချက်ကို သူ့အနေနဲ့ ထောက်ခံ သွားမှာ ဖြစ်တယ်လို့ အရှေ့တီမောသမ္မတ ဂျိုဆေ ရာမို့စ် ဟိုတာက ဘီဘီစီကိုပြောကြားခဲ့ပါတယ်။

PeaceJam လှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့အတွက် မြန်မာအစိုးရကို တောင်းဆိုထားတဲ့ စာကို စုပေါင်း လက်မှတ်တွေရေးထိုး ပြီးပေးပို့ကြမှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။