
၁၉၉၆ခုနှစ်က ဦးတင်ဦးနှင့်ဒေါ်အောင်ဆန်း စုကြည်
၆နှစ်ကျော် ၇နှစ်နီးပါး အထိန်းသိမ်း ခံထားရာ ကနေ ပြန်လွတ်လာခဲ့တဲ့ NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးကို ဘီဘီစီ မြန်မာပိုင်းဌာနက သီးသန့် ဆက်သွယ် မေးမြန်းခွင့် ရခဲ့ပါတယ်။
အထိန်းသိမ်းခံ ကာလအတွင်း တခြား နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ဘုရားဝတ်ပြု ဆုတောင်းခဲ့ပုံ၊ ဘော်လုံး ဝါသနာအိုးပီပီ ဘော်လုံးပွဲ ကြည့်ပြီး အချိန်ကို ကုစားခဲ့ပုံ၊ မိသားစုရဲ့ တိုက်တွန်းမှု အရ ကိုယ်တွေ့ မှတ်တမ်း စာအုပ်တွေ ရေးပြီး နိစ္စဓူဝ သူနေထိုင် ဖြတ်သန်းခဲ့ ရပုံတွေ ကို ဦးတင်ဦးက ပြောပြ ခဲ့ပါတယ်။
ဒီမီဒီယာကို ဖွင့်၍မရပါ
NLD လက်ရှိ ကိုင်စွဲနေတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်း နဲ့ ပတ်သက်လို့ သူ့အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည် နေဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ စေ့စပ်ဆွေးနွေးပြီး အဖြေရှာ နိုင်မယ် ဆိုရင်တော့ ပြေလည် နိုင်မှာ ဖြစ်ကြောင်း ဦးတင်ဦးက ပြောပါတယ်။
ဒီပဲယင်း အရေးနဲ့ ပတ်သက်လို့တော့ သူ့အနေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို အတိတ်ကို အတိတ်မှာ ထားခဲ့ပြီး စေ့စပ် ဆွေးနွေး အဖြေရှာ နိုင်ဖို့ကိုပဲ မျှော်လင့် ထားတယ် လို့ ဆိုပါတယ်။
၂၀၀၇ခုနှစ် သံဃာဦးဆောင်တဲ့ ဆန္ဒပြမှုအတွင်း NLDရဲ့ လှုပ်ရှား ဆောင်ရွက်ခဲ့မှုအပေါ် အများက အားမရ ဖြစ်ခဲ့တာတွေ၊ NLD အဖွဲ့အတွင်း ဗဟို က ချုပ်ကိုင် ထားမှု တွေနဲ့ ပတ်သက်လို့ ဝေဘန် နေကြတဲ့အပေါ် သူ့ သဘောထား အမြင်ကို မေးမြန်းရာမှာတော့ ဦးတင်ဦးက NLD အဖွဲ့ အနေနဲ့ လွတ်လွတ် လပ်လပ် ဆောင်ရွက် ခွင့် မရတဲ့အတွက် ရှိနေတဲ့ အခြေအနေကြားက ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက် နေကြရတယ်လို့ ပြန်လည် ဖြေကြား သွားပါတယ်။

